SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ

Saturday, 16 March 2019 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၁၅

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး၊ ဆွမ်းနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စေတီတော်ဂေါပကအဖွဲ့အား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ရန် လှူဒါန်းငွေ ကျပ်ငါးသိန်းကို ပေးအပ်လှူဒါန်းပြီး စေတီတော်ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စေတီတော် အင်္ဂါထောင့်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး၊ ဆွမ်းနှင့်အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ကြည်ညိုပြီး စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပဲခူးမြို့နယ်ခန်းမ၌ ပဲခူးခရိုင် အတွင်းရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဦးမောင်မောင်ရွှေ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်သန်းဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့နောက် ဒေသခံပြည်သူများက လိုအပ်ချက်များနှင့် စပ်လျဉ်း၍တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။ ထို့နောက် ဦးတင်စိုးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေကျပ် သိန်း ၂ဝဝ ကိုပေးအပ်လှူဒါန်းသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဝါထွန်းဟိုတယ် ဧည့်ခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြေယာဆိုင်ရာကိစ္စရပ်များကို တင်ပြကြကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် လယ်ယာမြေကို အားထားသည့် တိုင်းဒေသကြီး ဖြစ်သောကြောင့် တောင်သူလယ်သမားများ၏ အရေးကိစ္စများကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် ဝင်္ဂဘော်ဆင်စခန်းသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး စောဂျွန်ရွှေဘက ဆင်စခန်းဆိုင်ရာ အချက်အလက်များ၊ ဆင်စခန်းများ၏ ရည်ရွယ်ချက်၊ အနာဂတ် မျှော်မှန်းချက်နှင့် ရည်မှန်းချက်၊ ဆင်စခန်းဝန်ဆောင်မှု လုပ်ငန်းများ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများနှင့် ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွား လုပ်ငန်းဆိုင်ရာများကို Video Projector ဖြင့် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဝင်္ဂဘော်ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး အမိမဲ့ဆင်ကလေးများအတွက် နို့ဖိုးငွေကျပ်ငါးသိန်းကို ပေးအပ်လှူဒါန်းသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာချောင်း ရေလှောင်တမံသို့ ရောက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့သည် ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၉ ရက်က ဆွာချောင်း ရေလှောင်တမံမှ ရေပိုလွှဲထိခိုက်ပျက်စီးခဲ့သည့် နေရာနှင့် အဆိုပါ နေရာအနီး ယာယီကျောက်ဖြည့်တမံ ဆောင်ရွက်ထားရှိမှုအား မော်တော်ယာဉ် များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့က ဆွာချောင်းရေလှောင် တမံမှ ရေပိုလွှဲထိခိုက်ပျက်စီးမှု ဖြစ်ပွားပြီး နောက်ပိုင်းလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့မှု၊ ယာယီကျောက်ဖြည့်တမံ ဆောင်ရွက်ထားရှိမှု၊ နောင်အလားတူအဖြစ်မျိုး ဖြစ်ပွားမှုမရှိအောင် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရေဘေးဒဏ်ခံခဲ့ရသော ကျွန်းတောစုကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကျေးရွာသစ် ပြန်လည်နေရာချထားသည့် နေရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းထားသည့် ကျွန်းတောစုကျေးရွာသစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ပေ(၃ဝx ၆ဝ) ရှိ RC အမျိုးအစား တစ်ထပ်ကျောင်းဆောင်နှစ်ဆောင် အသစ်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အသစ်ဆောက်လုပ်နေသည့် ကျွန်းတောစုကျေးရွာသစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ခန်းမဆောင်တွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့် ထိခိုက်ပျက်စီးပြီး ရေဘေးဒဏ်ခံခဲ့ရသော ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာအား ပြန်လည်နေရာ ချထားပေးရန်အတွက် ကျေးရွာသစ် တည်ဆောက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက လိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကျယ်တဝင့် ဖြည့်စွက်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဒေသခံ ပြည်သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

Read 264 times Last modified on Saturday, 16 March 2019 08:39