SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စုစုပေါင်း ၁၂ ဆု ပေးအပ်ချီးမြှင့်

Sunday, 24 March 2019 07:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၂၃

၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ The One Entertainment Park ၌ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည် တက်ရောက် အားပေး ချီးမြှင့်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သဘင်၊ ဂီတအစည်းအရုံးအဖွဲ့ဝင် များ၊ ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  အတွက် စိစစ်အကဲဖြတ်အဖွဲ့ဝင်များ၊ ရုပ်ရှင် အနုပညာရှင် အတတ်ပညာရှင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဆုချီးမြှင့်ပွဲမစတင်မီ ရုပ်ရှင်၊ ဂီတအနု ပညာရှင်များက တေးသံသာများဖြင့်လည်း ကောင်း၊ မြန်မာ့ရုပ်ရှင်အကယ်ဒမီဂုဏ်ပြု အကယ်ဒမီကြယ်စင်အကဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။

 ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်ကြီးများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြော ကြားသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပန်ကြားချက်ကိုတင်ပြ သည်။

ထို့နောက် ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများပေးအပ်ရာတွင် ပါဝင်အားဖြည့် ကူညီကြမည့် မျိုးဆက်သစ်အနုပညာရှင် အကူ မောင်မယ်များနှင့် မိတ်ဆက်ပေးသည်။

ယင်းနောက်၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကိုကြေညာပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငါးထပ်ကွမ်း ရုပ်ရှင်ထူးချွန်ဆုရ စည်သူဒေါ်မြင့်မြင့်ခင် အား ရုပ်ရှင် တစ်သက်တာဆုပေး အပ်ချီးမြှင့် သည်။

ထို့နောက် ရုပ်ရှင်တစ်သက်တာဆုရရှိသူ ငါးထပ်ကွမ်းရုပ်ရှင်ထူးချွန်ဆုရ စည်သူ ဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင်သြဝါဒစကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကိုဆက်လက်ကြေညာရာ ရုပ်ရှင် အတတ်ပညာဆုတစ်ဆုဖြစ်သည့် အကောင်းဆုံး ရုပ်ရှင်အသံထူးချွန်ဆုကို ''မုန်းစွဲ''ဇာတ်ကား ဖြင့် ကိုအေးကလည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ထူးချွန်ဆုကို ''ရွှေကြာ'' ဇာတ်ကားဖြင့် ကျော်ခိုင်စိုးကလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုကို ''မုန်းစွဲ'' ဇာတ်ကားဖြင့် ဝင်းလွင်ထက်ကလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင် နောက်ခံတေးဂီတ ထူးချွန် ဆုကို ''မျက်နှာပြင်များ''ဇာတ်ကားဖြင့် ရှလုံး အမ်ရောနမ်ကလည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းထူးချွန်ဆုကို ''ရွှေကြာ'' ဇာတ်ကားဖြင့် ဝိုင်းကလည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာထူးချွန်ဆုကို ''မုန်းစွဲ''ဇာတ်ကားဖြင့် ဒါရိုက်တာသြရသက လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကား ထူးချွန်ဆုကို ''ရွှေကြာ''ဇာတ်ကားဖြင့် ငွေသော်တာရုပ်ရှင်ထုတ်လုပ်ရေးမှ ဒေါ်လေး သန္တာမြင့်ကလည်းကောင်း၊ အကောင်းဆုံး အမျိုးသားရုပ်ရှင်ဇာတ်ပို့ထူးချွန်ဆုကို ''မုန်းစွဲ'' ဇာတ်ကားဖြင့် ကျော်ကျော်ဗိုကလည်းကောင်း၊ အကောင်းဆုံးအမျိုးသမီးရုပ်ရှင်ဇာတ်ပို့ထူးချွန် ဆုကို ''နောင်တွင်ဥဒါန်းတွင်စေသတည်း'' ဇာတ်ကားဖြင့် အေးမြတ်သူက လည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး ရုပ်ရှင်ဇာတ်ဆောင် ထူးချွန်ဆုကို ''ရွှေကြာ''ဇာတ်ကားဖြင့် ဖွေးဖွေး ကလည်းကောင်း၊ အကောင်းဆုံးအမျိုးသား ရုပ်ရှင်ဇာတ်ဆောင် ထူးချွန်ဆုကို ''မှော်ဝင် သမန်းကျား''ဇာတ်ကားဖြင့် သူထူးစံကလည်း ကောင်းရရှိကြပြီး ဆုရရှိကြသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဝါရင့်အကယ်ဒမီအနုပညာရှင်ကြီးများက ထူးချွန် ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကာ ထူးချွန် ဆုရအနုပညာရှင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ထူးချွန်ဆုဆွတ်ခူးရရှိခဲ့ကြသည့် ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များကို ဂုဏ်ပြုနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယခုကျင်းပသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ကို ၂ဝ၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၈၃ ကားထဲမှ ဆန်ခါတင် ၂၅ ကားကို အဆင့်ဆင့်အကဲဖြတ်ရွေးချယ်ခဲ့ပြီး ယင်းဇာတ်ကားများအနက်မှ ထူးချွန်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

၂ဝ၁၈ ခုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကား ၈၃ ကားအထိ ရုံတင်ပြသနိုင်ခြင်းသည် မြန်မာ့ ရုပ်ရှင်သမိုင်းတစ်လျှောက် ဒုတိယစံချိန်အများဆုံး ရုံတင်ပြသနိုင်သည့် နှစ်အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း သိရသည်။ ပထမစံချိန်တင်နိုင် သည့်ကာလမှာ ၁၉၆၂ ခုနှစ်ကဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၈၈ ကားဖြင့် စံချိန်တင် နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့ရာ ဇာတ်ကားဆုကို ''ချစ်သက်ဝေ''၊ အမျိုးသားပညာရှင်ဆုကို ကျော်ဝင်းနှင့် အမျိုးသမီးပညာသည်ဆုကို ကြည်ကြည်ဌေးတို့က စတင်ဆွတ်ခူး ရယူနိုင်ခဲ့ သည်။

၁၉၅၂ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ၆၅ နှစ် အတွင်း ရုပ်ရှင်တစ်သက်တာဆုတစ်ဆု၊ ရုပ်ရှင် ဇာတ်ကားဆု ၄၇ ဆု (ဒုတိယဆုနှင့် တတိယဆု သုံးဆုစီအပါအဝင်) ၊ ဒါရိုက်တာဆု ၄၈ ဆု၊ အမျိုးသားဇာတ်ဆောင်ဆု ၅၁ ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၆ဝ၊ အမျိုးသားဇာတ်ပို့ဆု ၄၁ ဆု၊ အမျိုးသမီးဇာတ်ပို့ဆု ၄၄ ဆု၊ ရုပ်ရှင် ဓာတ်ပုံဆု ၅ဝ၊ ရုပ်ရှင်တေးဂီတဆု ၂၁ ဆု၊ ရုပ်ရှင်အသံဆု ၁၃ ဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု ၁၄ ဆု၊ ရုပ်ရှင်တည်းဖြတ်ဆု ၁၄ ဆုနှင့် အထူးဆု ခြောက်ဆုအပါအဝင် ရုပ်ရှင်ထူးချွန်ဆုပေါင်း ၄၁ဝ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရုပ်ရှင်တစ်သက်တာဆုကို ၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား တွင် စတင်ပေးအပ်ချီးမြှင့်ရာ စည်သူဘိုကလေး တင့်အောင်က ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲသမိုင်း တစ်လျှောက်တွင် အကယ်ဒမီ ဦးညွန့်ဝင်းက ဇာတ်ဆောင်၊ ဇာတ်ပို့ထူးချွန်ဆုများကို ခုနစ်ကြိမ်ဖြင့် အများဆုံးဆွတ်ခူးရရှိခဲ့ သည်။

အကယ်ဒမီဒါရိုက်တာဦးသုခက ဒါရိုက်တာ ဆု၊ အကယ်ဒမီရန်အောင်က ဇာတ်ဆောင်ဆု၊ အကယ်ဒမီသန်းညွန့်(ပန်းသာ)က ရုပ်ရှင် ဓာတ်ပုံဆုနှင့် ဇော်မင်း(ဟံသာမြေ)က ရုပ်ရှင် တည်းဖြတ်ဆုများကို ခြောက်ကြိမ်စီဆွတ်ခူးရရှိ ခဲ့ကြောင်း သိရသည်။

 

Read 135 times Last modified on Sunday, 24 March 2019 08:02