SJ WorldNews - шаблон joomla Авто

အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းနှင့် ဂျပန်အသင်း နှစ်ပွဲဆက်အနိုင်ရ

Monday, 25 March 2019 08:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်    ၂၄

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်  ၂ဝ၂ဝ အာရှ ယူ-၂၃ ခြေစစ်ပွဲအုပ်စု (I) ဒုတိယနေ့ကို ယနေ့ ညနေပိုင်း တွင် သုဝဏ္ဏ ကွင်း၌ကျင်းပရာ အိမ်ရှင်မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။   

မြန်မာ အသင်းသည် ဒုတိယပွဲအဖြစ် မကာအိုအသင်းနှင့်ယှဉ်ပြိုင် ခဲ့ရပြီး လေးဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် နှစ်ပွဲဆက် အနိုင်ရခဲ့သော်လည်း ပထမပွဲလောက် ကစားပုံမကောင်းခဲ့ဘဲ လေးဂိုး ဖြင့်သာကျေနပ်ခဲ့ ရသည်။  မြန်မာ အသင်းသည် ဂျပန်အသင်းထက်  ဂိုးကွာခြားချက်တွင် နည်းနေသောကြောင့် ဂျပန်နှင့် နောက်ဆုံး ကစား ရမည့်ပွဲမှာ အရေးပါလျက်ရှိသည်။

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပွဲထွက်လူစာရင်းကို  အပြောင်းအလဲမလုပ်ဘဲတီမောကိုအနိုင်ရသည့်  လူစာရင်း အတိုင်း ယှဉ်ပြိုင်ခဲ့သည်။               

 မြန်မာအသင်းသည် ပွဲအစ တစ်မိနစ်တွင် နောက်ခံလူရဲမင်းသူသွင်းယူသည့်ဂိုးဖြင့် အဖွင့်ဂိုး စတင်ရရှိခဲ့သည်။  

၁၈ မိနစ်တွင် မကာအိုနောက်ခံလူ ပယ်နယ်တီ ဧရိယာအတွင်းလက်ထိခဲ့၍ မြန်မာအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဝင်းနိုင်ထွန်းက အမှားအယွင်းမရှိကန်သွင်းခဲ့သောကြောင့်  ဒုတိယဂိုးထပ်ရခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းဂိုးထပ်ရရန် ကြိုးပမ်းသော်လည်း မကာအို နောက်တန်းကို    ခက်ခက်ခဲခဲ ထိုးဖောက် နေရပြီး အဆုံးသတ် အားနည်းနေသောကြောင့် မိနစ် ၇ဝ ကျော်မှ တတိယဂိုးရခဲ့သည်။ ယင်းဂိုးကို ဝင်းနိုင်ထွန်း က တစ်ကိုယ်တော် အစွမ်းဖြင့် ၇၁ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။   မြန်မာအသင်းအတွက် စတုတ္ထဂိုးကို  ၈၅ မိနစ်တွင် လွင်မိုးအောင်က ပြစ်ဒဏ်ဘောမှတစ်ဆင့်  တိုက်ရိုက်ကန်သွင်းခဲ့သည်။

ပထမပွဲတွင် ဂျပန်အသင်းက တီမော အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂျပန်အသင်းသည် ပထမပိုင်းတွင်  တစ်ဂိုးသာ သွင်းယူနိုင်သော်လည်း ဒုတိယ ပိုင်းတွင် ငါးဂိုးသွင်းယူခဲ့သောကြောင့် ဂိုးပြတ်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲအပြီးတွင် မြန်မာအသင်းနှင့် ဂျပန် အသင်းကခြောက်မှတ်စီရထားပြီးတီမောနှင့် မကာအိုအသင်းမှာ နှစ်ပွဲစလုံး ရှုံးထားသောကြောင့် အမှတ်မရသေးပေ။ ဂိုးကွာခြားချက်တွင် ဂျပန်အသင်းက အသာရထားသောကြောင့် အုပ်စု ပထမနေရာတွင် ရပ်တည် နေသည်။ အုပ်စုနောက်ဆုံးပွဲကို မတ် ၂၆ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

.............

Read 399 times Last modified on Monday, 25 March 2019 08:27