SJ WorldNews - шаблон joomla Авто

နိုင်ငံတော် အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

Monday, 25 March 2019 08:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်  ၂၄

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အဆင့် MSMEs  ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည်။

အခမ်းအနားတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ  စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက အမှာစကား ပြောကြားပြီး စက်မှု ဝန်ကြီး ဌာန  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆုရွေးချယ် ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက်  ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တတိယဆုရရှိကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ကြာငါးပွင့်ကြေးသွန်း လုပ်ငန်း၊ Gift of  Natureသဘာဝ ရေချိုးခန်းသုံး ပစ္စည်း လုပ်ငန်း၊  Golden  Harp မြန်မာမှု အမှတ်တရ လက်ဆောင်ပစ္စည်း လုပ်ငန်း၊  ဂဠုန်ညီနောင် ချည်ထည် လုပ်ငန်း၊ ရုပ်ပျိုကုမ္ပဏီ လီမိတက်နှင့် ရွှေသပြေသစ် အချောထည်လုပ်ငန်း တို့ကို စက်မှုဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က လည်းကောင်း၊ ဒုတိယဆုရရှိကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင် များဖြစ်သော ရွှေအုပ်ဆောင်း ပယင်းကျန်းမာရေး အထောက် အကူပြုပစ္စည်းလုပ်ငန်း၊ MG Myanmar Gasket လုပ်ငန်း၊ Royal Jaggery ထန်းလျက်မုန့် လုပ်ငန်း၊ Classic Home Co.,Ltd. နှင့် မျိုးမြတ်အောင် စပါးခွံ လောင်စာတောင့် လုပ်ငန်းတို့ကို ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော် ထွန်းကလည်းကောင်း၊  ပထမဆု ရရှိကြသည့် အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များဖြစ်သော ရွှေဘိုမင်းသမီး သနပ်ခါးလုပ်ငန်း၊ Ever Win  Coffee လုပ်ငန်းနှင့် ဥာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီလုပ်ငန်း တို့ကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါပြပွဲကို MSMEs လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်း လာရန်၊ ပါဝင် ပြသသူအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ် မှုများကို လေ့လာ နိုင်ရန်၊ ဒေသအလိုက် ထုတ်ကုန်များကို စားသုံးသူများနှင့် မိတ်ဆက်ပေးနိုင်ရန်၊ ထုတ်လုပ်မှုမှကုန်သွယ်မှုအထိ လုပ်ငန်းစဉ် တစ်လျှောက် လိုအပ်ချက်များကို ပိုမိုနားလည် ဆန်းသစ်အဖြေရှာနိုင်ရန်နှင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ၊ မိတ်ဖက် အဖွဲ့အစည်း များနှင့် MSMEs များ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် Regional Trade Promotion မှ နိုင်ငံတကာ ဈေးကွက်အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ MSMEs လုပ်ငန်းများ၏ ဒေသတွင်းထုတ်ကုန် ပစ္စည်းပြပွဲနှင့် ပြိုင်ပွဲများကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ မန္တလေး၊ မကွေး၊  ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊  ပဲခူး၊  ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့ တို့တွင် စုစုပေါင်း  ကိုးကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လုပ်ငန်းများကို အမျိုးအစား အလိုက် ဆုများချီးမြှင့် ပေးအပ်ခဲ့ရာ လုပ်ငန်းပေါင်း ၄ဝ နှင့် လုပ်ငန်းရှင် ၁၂၂ဦး တို့ကို ဆုများပေးအပ် ချီး မြှင့် နိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသည် မြန်မာနိုင်ငံ အနှံ့အပြားရှိ တိုင်းဒေသ ကြီး/ ပြည်နယ်များတွင်ကျင်းပခဲ့သည့်   ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲ ကိုးခုမှဆုရရှိခဲ့သော MSMEs များကို ထပ်မံ ယှဉ်ပြိုင်စေပြီး   ဆုရရှိသည့် လုပ်ငန်းရှင်များအား အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီမှ  ချေးငွေရရှိရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်မျိုး (နေပြည်တော်)

..............

Read 379 times Last modified on Monday, 25 March 2019 09:20