SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Premium Cinema ရုပ်ရှင်ရုံသစ် ဖွင့်လှစ်

Monday, 25 March 2019 08:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်   ၂၄

မြန်မာနိုင်ငံရှိ ရုပ်ရှင်ချစ်မြတ်နိုးသူ ရုပ်ရှင်ကြည့်ပရိသတ်များ အတွက် အဆင့်မြင့်ရုပ်ရှင်ရုံ Premium Cinema အတွေ့ အကြုံကို ပထမဦးဆုံးပေးစွမ်းမည့် JCGV ၏  Premium Cinema ရုပ်ရှင်ရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ  Junction  Square  Shopping Centre Level-1 ၌ကျင်းပသည်။

ယနေ့ဖွင့်လှစ်သည့်  JCGV ၏  Premium Cinema တွင် ရုပ်ရှင် ကြည့်ရှုသူများအနေဖြင့် နိုင်ငံတကာ အဆင့်မီ အရုပ်၊ အသံအရည် အသွေးမြင့် ရုပ်ရှင်အတွေ့အကြုံကို အဆင့်မြင့် ဝန်ဆောင်မှုများဖြင့် ကျေနပ်ပျော်ရွှင်စွာ ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။ Premium Cinema ရုပ်ရှင်ရုံတွင် မြန်မာရုပ်ရှင် ဇာတ်ကားနှင့် နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများ ပြသ သွားမည်ဖြစ်ပြီး ပွဲစဉ်များ အနေဖြင့် နံနက် ၁ဝ နာရီမှ ည ၆ နာရီခွဲအထိ တစ်နေ့လျှင် လေးပွဲပြသသွားမည်ဖြစ် သည်။ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် တစ်နေ့လျှင် ငါးပွဲပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

Premium Cinema တွင် ထိုင်ခုံစုစုပေါင်း ၃၂ ခုံပါဝင်ပြီး Motorized Recliner Luxury Leather Seat များတပ်ဆင် ထားကာ ရုပ်ရှင် ကြည့်ရှုနေစဉ် အထူးဝန်ဆောင်မှုများကို ရယူနိုင်ရန်အတွက် Call Button များတပ်ဆင် ထားရှိသည်။ဲ JCGV အနေဖြင့် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊  မော်လမြိုင် စသည့်မြို့ တို့တွင် AUROMAX CINEMA,  STARIUM  အပါအဝင် ပိတ်ကားပေါင်း ၁၉ ခု ပါဝင်သော ရုပ်ရှင်ရုံပေါင်း ခုနစ်ခု ကို အောင်မြင်စွာ ဖွင့်လှစ် ပြသလျက်ရှိသည့် အပြင် နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံ သစ်များကိုလည်း ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ JCGV မှ CEO ဒေါ်မိမိခိုင်၊ CFO Ryu Seong  Soo နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး  စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကာ  Premium Cinema ရုပ်ရှင်ရုံသစ်တွင် ရုပ်ရှင် ဇာတ်ကားနမူနာ ပြသမှုကို ကြည့်ရှုကြသည်။

JCGV မှ ဖွင့်သောရုံများသည် ဈေးရောင်း စင်တာအပါအဝင် အခြားလုပ်ငန်းများစွာနှင့် တွဲဖက်ထားသောကြောင့် ရုပ်ရှင်ကြည့် အပန်း ဖြေနိုင်မှု အပါအဝင်အခြား ဆက်စပ်လုပ်ငန်းများကိုလည်း တစ်နေရာတည်းဆောင်ရွက်လာ နိုင်ကြောင်း၊ ၂ဝဝ၉ ခုနှစ်ကနေပြည်တော်တွင်  ရုပ်ရှင်ရုံတစ်ရုံစတင်ဖွင့်လှစ်ခဲ့ရာမှ ယခုရုပ်ရှင်ရုံပေါင်း ၂ဝ ရုံမြောက် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊နောင်ရုပ်ရှင်ရုံများလည်းဆက်လက်ဖွင့်လှစ်ရန်  စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်မှုမှာ  ၂ဝ၁၄ ခုနှစ်တွင် ဇာတ်ကားကိုးကားသာထုတ်နိုင်ခဲ့ရာမှ ၂ဝ၁၅ ခုနစ်တွင် ၃၂ ကား၊ ၂ဝ၁၆  ခုနစ်တွင် ၉၈ ကား၊ ၂ဝ၁၇ ခုနစ်တွင် ၁၅၈ကားနှင့် ၂ဝ၁၈ခုနှစ်တွင် ၁၃၃ ကား အထိ တိုးတက် ထုတ်လုပ်လာနိုင်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားများကိုပြသရန် ရုပ်ရှင်ရုံများကိုလည်း တိုးချဲ့တည်ဆောက်လျက်ရှိပြီး ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲဆောင်ရွက်လျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုပ်ရှင်ရုံများတိုးချဲ့ ဖွင့်လှစ်နိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် လည်း ညှိနှိုင်းပေါင်းစပ် စီမံဆောင်ရွက် ပေးလျက်ရှိရာ မြန်မာ တစ်နိုင်ငံလုံး၌ ၂ဝ၁၃ ခုနစ်တွင် ရုပ်ရှင်ရုံ ၁၉ ရုံ၊ ပိတ်ကား ၁၉ ခုရှိခဲ့ရာမှ ယခုအခါရုပ်ရှင်ရုံ ၁၂၆ ရုံ၊ ပိတ်ကား ၁၄၇ ခုအထိ တိုးတက် ဖွင့်လှစ်လာနိုင်ခဲ့ကြောင်း သိရသည်။

(သတင်း- မင်းသစ်/ ဓာတ်ပုံ- ဇော်မင်းလတ်)

Read 125 times Last modified on Monday, 25 March 2019 08:49