SJ WorldNews - шаблон joomla Авто

မြန်မာ့ရိုးရာ အတာ သင်္ကြန် ပွဲတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Saturday, 13 April 2019 20:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၃

မြန်မာတို့၏ တစ်ဆယ့်နှစ်လ ရာသီပွဲတော်များအနက် ပထမဦးဆုံးနှင့် ရက်ကာလ အရှည်ကြာဆုံးကျင်းပသည့် ပွဲတော်မှာ မြန်မာ့နှစ်ကူး သင်္ကြန်ပွဲတော်ဖြစ်သည်။ သင်္ကြန် ဆိုသည်မှာ “သင်္ကန္တ ဆိုသော ပါဋ္ဌိပုဒ်မှ ဆင်းသက် လာပြီး “ကူးပြောင်းခြင်း ဟု အဓိပ္ပာယ် ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် ကာလဖြစ်သည်။ ၎င်းကာလကို မြန်မာတို့ တန်ဖိုးထားကြသည်။ မြတ်နိုးကြသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးက လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ပါဝင် ဆင်နွဲကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင် ရေသန့်တို့နှင့် ပက်ဖျန်း ခြင်းကြောင့် စိတ်ကို ကြည်လင် အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီ အပူများကို အေးမြစေကြောင်း ရေပက်ဖြန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်း လုံးတွင် ခြိမ့်ခြိမ့်သဲသဲ ဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများကလည်း မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာ သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ ရိုးရာမဟာ သင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် နေပြည်တော် ဂေါက်ကွင်းရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသူများအား မိသားစုများက စံပယ် ပန်းကုံး များဖြင့် ကြိုဆိုကြသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ပြည်ထဲ ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုရေကစား မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

၎င်းနောက် ယိမ်းအဖွဲ့ သမီးပျိုများက “မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြ ဖျော်ဖြေ ကြကာ ဖွင့်ပွဲ အခမ်းအနား တက်ရောက် လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ် များအား အောင်သပြေ ခက်ဖြင့် အတာရေပက် ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသူများအား သင်္ကြန်စတုဒိသာ အစား အစာများဖြင့် တည်ခင်း ဧည့်ခံ၍ မြ၀တီ တေးဂီတအဖွဲ့ နှင့်အတူ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချီင်းများ၊ ယိမ်းအကအလှ များဖြင့် သီဆိုကပြ ဖျော်ဖြေ ကြသည်။

ထို့အတူ ယနေ့ ညနေပိုင်းတွင်လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများက ဇေယျာ သီရိကုန်တိုက် အနီးရှိ ရေကစား မဏ္ဍပ်အား လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရှေ့ရှိ ရေကစား မဏ္ဍပ်အား လည်းကောင်း၊ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှေ့ရှိ ရေကစားမဏ္ဍပ် အားလည်း ကောင်း၊ တပ်မတော် ဆေးရုံကြီးရှေ့ရှိ ရေကစားမဏ္ဍပ်အား လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၀န်းအတွင်းရှိ အိမ်ထောင်သည် လိုင်းအနီး ရေကစား မဏ္ဍပ်အားလည်းကောင်း ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို အသီးသီးသွားရောက် ဖွင့်လှစ်ပေးပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြကြောင်း သိရှိသည်။

အဆိုပါ ရေကစား မဏ္ဍပ်များတွင် မဟာသင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ စည်ကား သိုက်မြိုက်စွာဖြင့် သင်္ကြန် ယိမ်းအက အဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 38 times Last modified on Saturday, 13 April 2019 21:26