Print this page

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Friday, 19 April 2019 08:48 font size decrease font size decrease font size increase font size increase font size

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများအားလုံး ကာယစိတ္တ နှစ်ဖြာသော သုခနဲ့ပြည့်စုံကြပါစေကြောင်း နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများ ခင်ဗျာ၊

ကျွန်တော် နိုင်ငံတော်သမ္မတ အဖြစ်နဲ့ ပြည်ထောင်စု လွှတ်တော်မှာ ကတိသစ္စာပြုခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ ဦးစားပေး လုပ်ဆောင်သွားမယ့် ရည်မှန်းချက် ပန်းတိုင် ၃ ခုကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မနှစ်က မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားမှာလည်း ဒီရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်(၁၁)ရပ်ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

 ဒီနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား အနေနဲ့  ကျွန်တော်တို့အစိုးရ အဖွဲ့ရဲ့  တတိယ(၁)နှစ်တာ ဖြတ်သန်းမှု ကာလအတွင်းမှာ  ရည်မှန်းချက် ပန်းတိုင်တွေ၊ အကောင်အထည်ဖော်နိုင်မှု အခြေအနေတွေ ဘယ်လောက်အထိ ပုံပေါ်နေပြီလဲ၊ ဘယ်အတိုင်းအတာအထိ ခရီးရောက်နေပြီလဲဆိုတာ အသိပေး တင်ပြလိုပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့  ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာမှာ သိသာထင်ရှားမှုကို ပြပါဆိုရင် ခေတ်အဆက်ဆက်က အမြစ်တွယ်ပြီး ကာလရှည်ဝေဒနာ တစ်ရပ်ဖြစ်နေတဲ့ အဂတိလိုက်စားမှုကို အတိုင်းအတာ တစ်ခုအထိ ထိရောက်အောင်မြင်အောင် ကာကွယ်တိုက်ဖျက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အဂတိလိုက်စားတာကို ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ တရားဥပဒေနဲ့အညီ ကျောသား ရင်သား မခွဲခြားဘဲ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွား တစ်ခုတည်းကိုသာ ရှေးရှုပြီး အရေးယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲများနဲ့ ဝန်ကြီးဌာနများမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Unit-CPU) ဖွင့်လှစ်နိုင်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွေနဲ့ ပတ်သက်လို့လည်း ပုံမှန်သမားရိုးကျ ဆောင်ရွက်မှုများအပြင်   နိုင်ငံတော် သမ္မတရုံးကို  အလွယ်တကူ တိုင်ကြားသတင်းပေးနိုင်တဲ့ နည်းလမ်းများကိုပါ အသုံးပြုပြီး အထူးစီမံချက် တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကိုမြှင့်တင်ပေးပြီး တစ်ဖက်မှာလည်း ဆုပေးဒဏ်ပေးစနစ် ထိထိရောက်ရောက် ကျင့်သုံးခြင်းတို့အတွက် ယခင်ကထက်ပိုပြီး ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရ အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူလူထုနဲ့နီးစပ်တဲ့ အောက်ခြေအဆင့်ကနေ စတင်ပြောင်းလဲ လုပ်ဆောင်နိုင်ဖို့ရာ အဓိကကျတဲ့ပြည်သူတွေနဲ့ နိစ္စဓူဝထိတွေ့ဆက်ဆံနေရတဲ့ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ ကြီးကြပ် ကွပ်ကဲမှုအောက်ကို ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်ခဲ့တာဟာလည်း  ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု တစ်ခုပဲဖြစ်ပါတယ်။

တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်ကထက် ပိုမိုပံ့ပိုးပေးနိုင်ခဲ့သလို မြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ မရှိရလေအောင်    ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

အလားတူပဲ  သိမ်းဆည်းထားတဲ့မြေတွေကို  နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ ပြန်လည်စိစစ်ကြဖို့၊စွန့်လွှတ်ပြီးတဲ့မြေတွေကို  မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည်အပ်နှံပေးဖို့၊ မစွန့်လွှတ်နိုင်ပါက  သင့်လျော်တဲ့လျော်ကြေး၊ နစ်နာကြေးတွေရရှိဖို့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်များဟာလည်း ယခင်ကထက် သွက်လက်မြန်ဆန်ပြီး ထိရောက်မှုရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။

ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်းခံရတဲ့ ဆင်းရဲသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကူးစက်မြန်ရောဂါ ခံစားနေရသူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များက အကူအညီ တောင်းခံလာပါက ကူညီဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးပြီး ဖြစ်ပါတယ်။

လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး အလုပ်ရုံ ဆွေးနွေးပွဲများနဲ့ သင်တန်းများ ပြုလုပ်ပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal  Declaration  of  Human Rights) ကို မြန်မာဘာသာမှ တိုင်းရင်းသား ဘာသာ (၁ဝ)မျိုးသို့ ဘာသာပြန်ဆိုခြင်း စသည်တို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုမြှင့်တင် ကာကွယ်နိုင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တိမ်မြုပ်ပျောက် ကွယ်လု နီးပါးဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို  မှတ်တမ်းတင်ရေး၊  တိုင်းရင်းသား လူမျိုးများရဲ့ ဘာသာစကား၊ စာပေတိမ်ကောပပျောက်မှု မရှိစေရေးနဲ့ ဖွံ့ဖြိုးတည်တံ့စေရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျာ၊

ပြည်သူ့အစိုးရ စတင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက်နေ့အထိ (၃)နှစ်တာကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်မယ့် ပြည်ပနိုင်ငံပေါင်း (၂၂)နိုင်ငံမှ စီးဝင်ခဲ့တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အရေအတွက် စုစုပေါင်း (၅၈၄)ခုနဲ့ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၉ ဘီလီယံရှိပါတယ်။

အလားတူကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က  စိစစ်ခွင့်ပြုခဲ့တဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် စုစုပေါင်း (၃၅၉)ခုနဲ့ တန်ဖိုးကျပ် ၇၃၉ဝ ဒသမ ၃၄ ဘီလီယံ ရှိပါတယ်။

၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ  ပထမ(၆)လတွင် စီးပွားရေး တိုးတက်မှု ၆ ဒသမ ၅  ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်း (LDC)မှ လွတ်မြောက်ရေး စံသတ်မှတ်ချက်(၃)ခုလုံးကို ၂ဝ၁၈ ခုနှစ်တွင် ပထမအကြိမ် ပြည့်မီတဲ့ တိုးတက်မှုရလဒ် ရရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း  ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့  ဌာနတွေကို အရှိန်အဟုန်မြှင့် ကြပ်မတ်လုပ်ဆောင်နေပါတယ်။  တရားစီရင်ရေး မဏ္ဍိုင်ကို  အများက ယုံကြည်လေးစားတဲ့ အားကိုးအားထားပြုရာ ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်ဖြစ်ရေး လိုအပ်သလို ပြောင်းလဲဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံသူနိုင်ငံသားများ အတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ခဲ့ပါတယ်။  ဝန်ထမ်းတွေ အငြိမ်းစား ယူသွားချိန်မှာ သိက္ခာရှိရှိ နေသွားနိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းများနဲ့ အငြိမ်းစား ဝန်ထမ်းများရဲ့ လစာနဲ့ပင်စင်တွေကို သင့်လျော်တဲ့ ပမာဏတစ်ခုအထိ တိုးမြှင့်ပေးခဲ့ပါတယ်။ Wave Money မိုဘိုင်းလ်စနစ်ဖြင့်  အငြိမ်းစားလစာ ထုတ်ပေးနေပါတယ်။  မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေကို တိုးမြှင့် သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း မြင့်မားလာစေရေး စီမံပေးနေသလို ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားများ လုံခြုံဘေးကင်းမှုနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်ဖို့ တိုးမြှင့် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခြင်းများ ဖြစ်စေရေး ဆောင်ရွက်နေတာတွေရှိပါတယ်။ လူငယ်သင်တန်းကျောင်းများ၊ အိမ်တွင်းမှု သင်တန်းကျောင်းများ၊ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာတွေ၊ ကျေးလက် အသက်မွေးဝမ်းကျောင်းနဲ့ ဝင်ငွေမြှင့်တင်ရေးနဲ့ ကျေးလက်ဒေသများ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးစီမံကိန်းများ အကောင်အထည် ဖော်ခဲ့တာတွေ ရှိပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ရရှိရေး တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း အရှေ့နဲ့အနောက် တောင်နဲ့မြောက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေဖို့  လမ်းတံတားအသစ်တွေ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဒေသအလိုက် လမ်းတံတားတွေ အဆင့်မြှင့်တင် ပေးနိုင်ခဲ့ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နယ်ပယ်ချဲ့ထွင်နိုင်ခဲ့ပါတယ်။ e-Visa စနစ်ဖြင့် ခွင့်ပြုပေးနိုင်တာတွေ၊ လေဆိပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။  ကမ်းပါးထိန်း ကာကွယ်ရေးလုပ်ငန်းများနဲ့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး စီမံကိန်း များနဲ့ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများကိုလည်း အကောင်အထည် ဖော်လျက်ရှိပါတယ်။ စစ်ဘေးရှောင် စခန်းများမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခဲ့ပါတယ်။ မသန်စွမ်းသူများအား ထောက်ပံ့ကြေး ပေးအပ်ခဲ့တာလည်း ရှိပါတယ်။ နိုင်ငံ့ဘဏ္ဍာ အလေအလွင့်မရှိစေဖို့နဲ့  လိုအပ်နေတဲ့ လုပ်ငန်းတွေမှာ ထိထိရောက်ရောက် သုံးစွဲနိုင်ဖို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျ သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။  တာဝန်ယူမှု  တာဝန်ခံမှု မရှိသူအဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူခဲ့တာတွေ ရှိပါတယ်။ ဒါတွေဟာ ပြည်သူများရဲ့အကျိုးစီးပွားအတွက် အတိုင်းအတာ တစ်ခုအထိ တိုးတက်မှု ရရှိခဲ့ပြီလို့ ပြောနိုင်မှာဖြစ်ပါတယ်။

(၂၁)ရာစုပင်လုံညီလာခံ တတိယ အစည်းအဝေးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)အဖြစ် နိုင်ငံရေးကဏ္ဍ အခြေခံမူ သဘောတူညီချက်(၄)ချက်၊ စီးပွားရေး ကဏ္ဍအခြေခံမူ သဘောတူညီချက်(၁)ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူ သဘောတူညီချက် (၇)ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ သဘောတူညီချက်(၂)ချက် စုစုပေါင်း (၁၄)ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

ရာစုနှစ်ထက်ဝက်ကျော် အသားကျနေတဲ့ အတွေးအခေါ် အယူအဆတွေ စွဲကပ်နေတဲ့ အလေ့အကျင့်တွေ၊ ပုံစံကျနေတဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဟန့်အတား အနှောင့်အယှက်တွေကြားမှ ဒီလိုတိုတောင်းတဲ့ ကာလအတွင်းမှာ သိသိသာသာ ဖြစ်ထွန်းတိုးတက်လာတဲ့ လုပ်ငန်းရပ်တွေကို ကြည့်မယ်ဆိုရင် အစိုးရနဲ့ပြည်သူ ကြည်ဖြူစွာ အတူတကွ လက်တွဲဆောင်ရွက်မှု၊ ယုံကြည်ချက်  ခံယူချက်  တူညီမှုတွေကနေ ရရှိတဲ့  အောင်မြင်မှု အသီးအပွင့်တွေဖြစ်ပါတယ်။

ဒီလိုအောင်မြင်မှုတွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနေသလို တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် အရေးကိစ္စအတွက် ဖိအားပေးပြစ်တင်ဝေဖန်မှုတွေ၊ အရေးယူနိုင်ရန်ကြိုးပမ်းမှုတွေကို နိုင်ငံတကာ မျက်နှာစာမှာ ရင်ဆိုင်ဖြေရှင်း နေရတာတွေရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုဖြစ်စဉ်တွေ၊ ပြန်လည်လက်ခံရေး ဆိုင်ရာလုပ်ငန်းစဉ်တွေ၊ နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ  စတဲ့စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။ဒီအခက်အခဲ များသည်ပင်လျှင် ကျွန်တော်တို့ရဲ့ စုပေါင်းအင်အားကို ဖြစ်ထွန်းပေါ်ပေါက်စေတဲ့ အခွင့် အလမ်းကောင်းများအဖြစ် မှတ်ယူကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ဘယ်လိုပဲစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိနေပါစေ၊ ပြည်သူလူထုရဲ့ နားလည်စာနာမှု၊ ပူးပေါင်းပါဝင်မှု၊  ကူညီပံ့ပိုးမှုတွေနဲ့  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုခရီးကို ကျော်လွှားအောင်မြင်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ပြည်သူလူထုကြီးကလည်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ ထောင်ချောက်ထဲသို့ မဝင်မိစေရန် ဂရုစိုက်ကြစေလိုပါတယ်။ မိမိတို့အား  အာရုံပြောင်း လမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကိုလည်း သတိပြုကြစေလိုပါတယ်။ လှုံ့ဆော်ဖန်တီးမှုများကိုလည်း စိတ်ခံစားမှုဖြင့် မတုံ့ပြန်မိကြရန် သတိရှိကြစေလိုပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျာ၊

ကျွန်တော်တို့အစိုးရ အဖွဲ့အနေနဲ့    ရရှိပြီးဖြစ်တဲ့ အောင်မြင်မှုတွေ၊ အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရောက်နေတာတွေကို ကြည့်ပြီး တင်းတိမ်ရောင့်ရဲ ကျေနပ်နေမှာ မဟုတ်ပါ။ ပြည်သူက ရွေးချယ်တဲ့အစိုးရပီပီ ပြည်သူ လူထုရဲ့အကျိုးစီးပွားကို အစဉ်ရှေးရှုပြီး ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် အချို့ကဏ္ဍများမှာ ပြည်သူလူထုက ဖြစ်စေချင်တဲ့ဆန္ဒတွေနဲ့ မျှော်လင့်သလောက် မဖြစ်သေးတာတွေ၊ ကျွန်တော်တို့အစိုးရရဲ့ လုပ်ဆောင်နေမှုတွေအပေါ်မှာ အားမလိုအားမရ ဖြစ်နေတာတွေကို အလေးထားပြီး ပြန်လည်သုံးသပ်ကာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာတော့ ကျွန်တော်ပြောကြားလေ့ရှိတဲ့ အတိုင်း ''တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ''ဆိုတဲ့ နည်းလမ်းကိုပဲ ကျင့်သုံးပြီး   လုပ်ငန်းစဉ် ပီပြင်ထိရောက်မှု၊   ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အားသွန် ခွန်စိုက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ကမ္ဘာ့အလယ်မှာ တင့်တယ်လာအောင် နိုင်ငံသူနိုင်ငံသားများရဲ့ လူမှုစီးပွားဘဝ မြင့်မားလာပြီး ပျော်ရွှင်ချမ်းမြေ့အောင် ပြည်သူတွေ မြင်ချင်တွေ့ချင်နေတဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်ရအောင် ခိုင်မာတဲ့စိတ်ဓာတ်၊ ပြင်းထန်တဲ့ဆန္ဒ၊ မလျှော့တဲ့ဝီရိယနဲ့ ကိုယ်ရောစိတ်ပါမြှုပ်နှံပြီး တာဝန်ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်။

ယခုလို မင်္ဂလာအပေါင်းနဲ့ခညောင်းပြည့်စုံတဲ့ နှစ်သစ်အခါသမယမှာ နိုင်ငံတော်ကြီး  ငြိမ်းချမ်းသာယာ ဝပြောပါစေ။  မိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒတွေပြည့်ဝကြပါစေ။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်မှု ခရီးမှာလည်း တစုတည်း တစည်းတည်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။ ခေတ်ဟောင်းစနစ်ဟောင်းက အတွေးအခေါ် အယူအဆ အလေ့အထတွေကို ဘေးဖယ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အခွင့်ကောင်းအခါကောင်းမှာ အတွေးသစ် အမြင်သစ် ကျင့်စဉ်သစ်တွေကို အတူတကွ ရွေးချယ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Read 368 times Last modified on Friday, 19 April 2019 08:49