SJ WorldNews - шаблон joomla Авто

အိုင်ဗရီကို့စ် နိုင်ငံ၌ ဖျက်ဆီးခဲ့ရသည့် မြန်မာ့ဆန် တင်ပို့သော ကုမ္ပဏီကို ပြန်လည် စစ်ဆေးနိုင်ရန် စီစဉ်

Friday, 19 April 2019 09:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ စီးပွားရေး

အိုင်ဗရီကို့စ် နိုင်ငံ၌ စားသုံးရန် မသင့်သည့် မြန်မာ့ဆန်တန်ချိန် ၁၈ဝဝဝ ကို ဖျက်ဆီးခဲ့ရသော သတင်းမှန်ကန်ပါက မြန်မာ့ ဆန်တင်ပို့သည့် ကုမ္ပဏီကို ပြန်လည်စစ်ဆေး နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဘဏ္ဍာ ရေးမှူး ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

အိုင်ဗရီကို့စ်နိုင်ငံမှ ကျန်းမာရေး တာဝန်ရှိသူများသည် ဧပြီ ၁၇ ရက်က မြန်မာ့ဆန်များကို စားသုံးရန်မသင့်ကြောင်း ကြေညာ ပြီးနောက် ဖျက်ဆီးခဲ့သည့် သတင်းများ ထွက် ပေါ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆန်များ တင်ပို့ထားသည့် ကုမ္ပဏီကို အတိအကျမသိ ရှိရသေးသော်လည်း မှန်ကန်မှုရှိ၊ မရှိ ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

''တင်ပို့တဲ့ ကုမ္ပဏီတော့ မသိသေးဘူး။ တစ်လောကတော့ ဆန်က အလေးချိန်လျော့ လို့ဆိုပြီး ပြန်ပို့ဖို့လုပ်နေတဲ့ သင်္ဘောရှိတယ် လို့ကြားထားတယ်။ လမ်းမှာကြာနေတော့ လမ်းမှာပဲပျက်စီးလား၊ ဘာကြောင့်ပျက်စီးလဲ ဆိုတာကတော့ အတိအကျ မသိရသေးဘူး။ ဆန်ဈေးကွက် အတွက် တရုတ်က ပိတ်လိုက်တော့ အာဖရိကကိုပဲ အားကိုးနေရတာ။ တကယ်သာ မြန်မာ့ဆန်ဆိုရင်တော့ ဒီဘက် က ကုမ္ပဏီကိုလည်း ပြန်စိစစ်မယ်။ နောက်ပြီး စစ်ဆေးရေး အဖွဲ့တွေနဲ့ ပြန်ညှိပြီးတော့ အရေးယူသင့်ရင် အရေးယူမှာပါ'' ဟု ဦးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံမှ အာဖရိကနိုင်ငံ တို့သို့ ဆန်တင်ပို့ရာတွင် တိုက်ရိုက် ရောင်းချခြင်း မဟုတ်ဘဲ တစ်ဆင့်ခံ ဝယ်လက်များဖြင့် ဆက်သွယ် ရောင်းချနေခြင်းဖြစ်ကာ တင်ပို့ရာတွင်လည်း စစ်ဆေးသည့် အဖွဲ့များက သေချာစွာ စိစစ်ပြီးမှ တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံမှ ဆန်များကို နယ်စပ် ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းများမှ နိုင်ငံပေါင်း ၅ဝ ကျော်သို့ တင်ပို့နေရခြင်း ဖြစ်ကြောင်း သိရသည်။

နေနေ

Read 305 times Last modified on Friday, 19 April 2019 10:47