SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၉) ကျင်းပ

Saturday, 20 April 2019 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၁၉

လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး  အမှတ်စဉ် (၂/၂ဝ၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်    ပြည်ထောင်စု လွှတ်တော်နာယက   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အစည်းအဝေးသို့ တက်ရောက်လာကြသူအားလုံး ၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်အခါသမယမှာ   မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ၂ဝ၁၉ ခုနှစ် ဧပြီ ၂၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း၊  ယင်းလွှတ်တော် အစည်းအဝေးများတွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို   ဆွေးနွေး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊  ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)  ပြင်ဆင်ရေးကိစ္စရပ်များ၊လွှတ်တော်အသီးသီးတွင် ဆောင်ရွက်နေဆဲ ဖြစ်သည့်  ဥပဒေကြမ်းနှင့်  အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းတာဝန်အလိုက် ဆွေးနွေးညှိနှိုင်းပြီး ပေါင်းစပ် ဆောင်ရွက်ပါက ယခင်လွှတ်တော် အစည်းအဝေးများကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အသီးသီးကို တာဝန်ယူထားကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီ အလိုက်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍  ပြည်ထောင်စု လွှတ်တော်နာယကက လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  ပြည်ထောင်စုလွှတ်တော်  ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊   သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။      

(သတင်းစဉ်)

Read 165 times Last modified on Saturday, 20 April 2019 09:22