SJ WorldNews - шаблон joomla Авто

ဘဏ္ဍာရေး ကော်မရှင် (၂/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

Thursday, 25 April 2019 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၂၄

ဘဏ္ဍာရေးကော်မရှင်(၂/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေး ကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဘဏ္ဍာရေး ကော်မရှင်၏ (၂/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ ၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂ဝ၁၉ ခုနှစ် ဧပြီ ၉ ရက်တွင် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး 

(၁/၂ဝ၁၉)ကို ကျင်းပခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုငွေများ ပြင်ဆင်အတည်ပြုရန် အစည်းအဝေးကို ထပ်မံခေါ်ယူရခြင်း ဖြစ်ကြောင်း။

၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ် ပြည်ထောင်စု၏   နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်မတိုင်မီ ပေးပို့တင်ပြရမည် ဖြစ်သည့်အတွက် အချိန်မှာ အလွန် နီးကပ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ထပ်မံခွင့်ပြုပေးမည့် ဖြည့်စွက်ခွင့်ပြုငွေများကို ပြည်ထောင်စု လွှတ်တော်သို့ အချိန်မီ ပေးပို့နိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေဖြင့် ဖြည့်စွက် ခွင့်ပြုငွေများကို မိမိတို့ ဒေသအတွက် ဟန်ပြဖြစ်စေမည့် လုပ်ငန်းမျိုး မဖြစ်စေဘဲ ဒေသခံပြည်သူများအတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုသွားကြရန်၊ ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များက စစ်ဆေးကြပ်မတ် စီမံဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

ထို့ပြင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး (၁/၂ဝ၁၉)တွင် ပြောကြားခဲ့သလို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါ စည်းမျဉ်းများ အတွင်း လက်တစ်လုံးခြား လုပ်ကိုင်ဆောင် ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းကို ထပ်မံသတိပေးလိုကြောင်း။

နိဂုံးချုပ်အနေဖြင့် ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ အပါအဝင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဘဏ္ဍာရေးကော်မရှင်မှ သုံးသပ်ပြီး ထောက်ခံအတည်ပြုပေးရန် ပြောကြားရင်း နိဂုံးချုပ်အပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုကျင်းပသည့် အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုအကျိုးရှိ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက်   တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထပ်မံထောက်ပံ့ငွေကိုသာ အတည်ပြုမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ဌာန/ အဖွဲ့အစည်းများ၏ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုများအပေါ် ပြင်ဆင်ပြောင်းလဲရန် မရှိကြောင်း။

၂ဝ၁၈-၂ဝ၁၉ ခု ဘဏ္ဍာနှစ်အတွက် ပြုပြင်ပြီး  ခန့်မှန်းခြေစာရင်းအရ  ရငွေ ငွေကျပ်၂၁၈၆၈ ဘီလီယံ၊ သုံးငွေ ငွေကျပ် ၂၇၁၈၈  ဘီလီယံ၊  ဂျီဒီပီတန်ဖိုးငွေကျပ် ၁ဝ၅၇၂၆ ဘီလီယံ၊ အသားတင် လိုငွေ ငွေကျပ်  ၅၃၂ဝ  ဘီလီယံဖြစ်ပြီး  လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၅ ဒသမ ဝ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း။

နိဂုံးချုပ်အားဖြင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုငွေများအား အတည်ပြုပေးနိုင်ရန်နှင့် ပြည်ထောင်စုအဆင့်  ဌာန၊  အဖွဲ့အစည်းများ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ဖြည့်စွက်ခွင့်ပြုငွေ စာရင်းအပါအဝင် ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ယနေ့ဒုတိယအကြိမ် ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင်မှ သုံးသပ်ထောက်ခံ အတည်ပြုပေးနိုင်ရန် တင်ပြ အပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  ဘဏ္ဍာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှု အပေါ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီစိစစ်ပြီး    ခွင့်ပြုထားသည့် ဖြည့်စွက်ခွင့်ပြုငွေကျပ် ၁၂၁ ဘီလီယံနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းအရ ပြည်ထောင်စုက ထောက်ပံ့ရမည့် ငွေကျပ် ၃၉ ဘီလီယံတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပခဲ့သည့် (၁/၂ဝ၁၉) ကြိမ်မြောက် ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေးတွင်   အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း။

ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂ဝ၁၈-၂ဝ၁၉  ခု၊  ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ လိုအပ်လာသည့်အတွက် ငွေကျပ် ၄ဝ ဘီလီယံကို ထပ်မံခွင့်ပြုရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေမှာ ငွေကျပ် ၁၆၁ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ထောက်ပံ့ရမည့် ငွေမှာ  ငွေကျပ် ၇၉ ဘီလီယံ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အဆိုပါငွေရပ်အား ဘဏ္ဍာရေး ကော်မရှင်မှ သုံးသပ် အတည်ပြုပေးနိုင်ရန် တင်ပြအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂ဝ၁၈-၂ဝ၁၉ ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏  ဖြည့်စွက်ခွင့်ပြုငွေ တင်ပြတောင်းခံမှု များနှင့် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့်   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ အပါအဝင် ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် ဘဏ္ဍာရေး ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက မိမိတို့ဆွေးနွေး အတည်ပြုထားသည့်အတိုင်း ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုစာရင်း၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေး ကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် ဆိုသည်မှာ ပြည်ထောင်စုအဆင့်  ဌာန၊အဖွဲ့အစည်းများ အားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အားလုံးအနေဖြင့် တာဝန်သိမှုသာမက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ အပြည့်အဝရှိကြရန် အရေးကြီးကြောင်း။

ပြည်သူ့ဘဏ္ဍာဖြစ်သည့် ဘတ်ဂျက်ငွေများကို ကိုင်တွယ်အသုံးပြုရာတွင် ပြည်သူ့ အကျိုးအတွက် စေတနာမှန်ကန်ရန်၊ သုံးစွဲရာတွင် မှန်ကန် စနစ်ကျရန်နှင့် အရည်အသွေး များ စံချိန်စံညွှန်းမီရန် အထူးလိုအပ်ကြောင်း၊

ယခုထပ်မံခွင့်ပြုပေးရသည်မှာလည်း ဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်ကြီး တိုးတက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ အနေဖြင့် မိမိတို့ဒေသအတွက် ဘတ်ဂျက် လျာထား ဆောင်ရွက်ရာတွင် စနစ်ကျနသည့် ဘတ်ဂျက်လျာထားမှု ဖြစ်စေရန်၊ ရရှိသည့် ခွဲဝေချထားငွေကို သုံးစွဲရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီဖြစ်စေရန်၊ပြည်သူများ၏အကျိုးကို အထူးရှေးရှုပြီး စေတနာမှန်ကန်ဖြူစင်စွာ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ဘဏ္ဍာရေး ကော်မရှင်က ထောက်ခံတင်ပြခဲ့သည့် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေ များကို နိုင်ငံတော်နှင့် ပြည်သူ အတွက် အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲသုံးစွဲကြရန်   အလေးအနက် မှာကြားလိုကြောင်း ပြောကြားသည်။

Read 238 times Last modified on Thursday, 25 April 2019 09:27