SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံ

Thursday, 25 April 2019 09:48 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဧပြီ ၂၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ  မစ္စတာရှီကျင့်ဖျင်၏  ဖိတ်ကြားချက်အရ  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့်  ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့  တက်ရောက်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်အာခါ မိုဟာဆီနာပါတိုင်းတဲ့ ချိုဟွန်ဆင်၏  ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား နိုင်ငံသို့   တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ   ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဦးဆက်အောင်နှင့်တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၂ဝ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့  Chang Shui အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ယူနန်ပြည်နယ် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Zang  Guohua ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး မစ္စတာဟုန်လျန်၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌  ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် အထူးလေယာဉ်ဖြင့် ကူမင်းမြို့မှ ပေကျင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်ရောက်ရှိကြရာ ပေကျင်းမြူနီစပယ် ပြည်သူ့ကွန်ဂရက် ဒုတိယ အတွင်းရေးမှူးချုပ် Mr. Cui Xinjian ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Shangri -La Hotel သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of the People) သို့ ရောက်ရှိကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ  မစ္စတာရှီကျင့်ဖျင်တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ပြည်သူ့ခန်းမဆောင်ကြီး၌ နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပသည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊   အဆိုပါ အစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝ မြှင့်တင်ရေးနှင့်   အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေး၊ မြန်မာ-တရုတ်   နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူအညီ ပေးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေးနှင့် တရုတ်အစိုးရက ဆက်လက်အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇ဝ) ပြည့်မြောက်မည့် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြားရေး လုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်အစိုးရမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ်သန်း ၁ဝဝဝ အကူအညီ အထောက်အပံ့ပေးမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ  တက်ရောက် ကြကြောင်း  သိရသည်။

(သတင်းစဉ်)

Read 331 times Last modified on Thursday, 25 April 2019 09:49