SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုပွဲသို့ တက်ရောက်

Friday, 26 April 2019 09:34 font size decrease font size decrease font size increase font size increase font size

ပေကျင်း  ဧပြီ  ၂၅

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ပေကျင်းမြို့၌  ရောက်ရှိနေသည့်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  ဒေသစံတော်ချိန်  နံနက် ၉ နာရီ ၁၅ မိနစ်တွင် တရုတ်အမျိုးသား ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် People to People Connectivity Thematic Forum   ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  အပြန်အလှန် ယုံကြည်နားလည်မှုအပေါ် အခြေခံထားသည့် ချစ်ကြည်ရင်းနှီးမှုသည် ပူးပေါင်းဆောင်ရွက်မှု အတွက်   အရေးကြီးကြောင်း၊ အပြန်အလှန် ယုံကြည်နားလည်မှု မရှိပါက မိမိတို့  ပူးပေါင်းဆောင်ရွက်မှုများသည် ထိရောက်မှုရှိမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ ဖိုရမ်များနှင့် ညီလာခံများသည် ကမ္ဘာကြီးအား  ပိုမိုကောင်းမွန်သည့် နေရာအဖြစ် ဖန်တီးရာတွင်  ဘုံရပ်တည်ချက်များ ရရှိရေးအတွက်   အခွင့်အလမ်းများ ဖြစ်ကြောင်း၊ ပြဿနာများကို ချဉ်းကပ်ရာတွင် နည်းလမ်းများစွာရှိပြီး ချစ်ကြည်ရင်းနှီးမှုဖြင့် ပြဿနာများကို အပြုသဘောဆောင်စွာ ဖြေရှင်းနိုင်ကြောင်း၊ လူသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကို   ဆောင်ကြဉ်းပေးသည့် အဓိက စံနှုန်းများကို  မဆုံးရှုံးစေဘဲ မိမိတို့ တိုးတက်ရေးအတွက်  ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိကြောင်း။
တစ်ယောက်နှင့်တစ်ယောက် ယုံကြည် နားလည်မှု မရှိပါက လူတိုင်းသဟဇာတ ဖြစ်စွာ နေထိုင်မည့် ကမ္ဘာ့ရွာအား  တည်ဆောက်နိုင်ရန် ခဲယဉ်းကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကူညီပေးကြသည့်၊ မိမိတို့နှင့်အတူ ရပ်တည်ခဲ့ကြသည့်  မိတ်ဆွေများကို အခွင့်အခါသင့်ခိုက် ကျေးဇူးတင်စကား ပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ ရှိလင့်ကစား ယုံကြည်နားလည်ပေးသူများနှင့် အပြန်အလှန် လေးစားမှုကို ယုံကြည်ကြသူများ၏ အကူအညီဖြင့် သာယာဝပြောရေးအတွက် ရှေ့ဆက် သွားနိုင်မည်ဟု  ယုံကြည်ကြောင်း၊ စိန်ခေါ်မှုများကို ကျော်လွှားရာတွင် မိမိတို့ ပြည်သူများ၏ သန္နိဋ္ဌာန်ခိုင်မာမှုနှင့် အလုပ်
ကြိုးစားမှုများအပေါ်တွင်လည်း မူတည်နေကြောင်း၊ စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမူ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုလမ်းကြောင်းအား မိမိတို့အနေဖြင့် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်   ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ်   နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသော  ဆက်ဆံရေးအား နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် အရှိန်မြှင့်တင် ဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့်   သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ဝဝဝဝဝ အား တရုတ်နိုင်ငံသို့   တင်သွင်းခွင့်ခွဲတမ်းကို ဆက်လက်ပေးအပ်ရေးနှင့်   မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် မွေးမြူရေး ထွက်ကုန်များ အနာဂတ်တွင် ပိုမိုဝယ်ယူနိုင်
ရေးအတွက်   ညှိနှိုင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေး၊   နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ တိုးမြှင့်နိုင်ရေး အတွက် နယ်စပ်ဒေသများတွင် တရားမဝင် ကုန်သွယ်မှုများ ပပျောက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အတွက် နှစ်ဖက် တာဝန်ရှိသူများအကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး၊   မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ်(၇ဝ)ပြည့်မြောက်မည့် ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်   ဦးဆက်အောင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ   မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူ နားလည်မှု စာချွန်လွှာနှင့် သဘောတူစာချုပ်များ ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းတို့၏ ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr. Zhang Yong တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့်  ပြုပြင်ပြောင်းလဲမှု ကော်မရှင်တို့အကြား  တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(၂ဝ၁၉-၂ဝ၃ဝ)ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Yu Jianhua ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက်   ငါးနှစ်  ဖွံ့ဖြိုးမှု အစီအစဉ်ရေးဆွဲရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လည်းကောင်း လက်မှတ်ရေးထိုး လဲလှယ်ကြပြီး   တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရတို့ အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို အပြန်အလှန် လဲလှယ်ကြသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဦးဆောင်သည့် အဖွဲ့ဝင်များသည် Forbidden City သို့ သွားရောက်လေ့လာကြသည်။ ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊  မြန်မာ-တရုတ်နှစ်နိုင်ငံ သံရုံးများမှ တာဝန်ရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Forbidden City ဧည့်သည်တော် မှတ်တမ်းတွင်   လက်မှတ်ရေးထိုးသည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည်  Central Committee of CPC, International Department သို့ ရောက်ရှိပြီး  တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး H.E. Mr. Song Taoက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။        
(သတင်းစဉ်)
Read 143 times Last modified on Friday, 26 April 2019 09:35