SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး ကျင်းပ

Wednesday, 15 May 2019 12:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၄

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂ဝ၁၉) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မူးယစ်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်အား ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအား ထုတ်ပြန်ကြေညာခဲ့ပြီး မဟာဗျူဟာ စီမံချက် (National Strategic Plan) ရေးဆွဲကာ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ဆင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးများကို ၂၄ ကြိမ် ဆောင်ရွက်ခဲ့ပြီး  ၂ဝ၁၈ ခုနှစ်တွင် မူးယစ်အမှုပေါင်း ၁၃ဝ၃၇ မှု၊ တရားခံပေါင်း ၁၈၆၈၁ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတရုံးတွင် ၂ဝ၁၈ ခုနှစ် ဇွန်၂၂ ရက်မှ စတင်ပြီး မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ဖွင့်လှစ်၍ ဖော်ထုတ်ဖမ်းဆီး အရေးယူမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဘိန်းစိုက်ပျိုးမှုမှာ ၂ဝ၁၈ ခုနှစ်မှာလည်း ဟက်တာ ၃၇၃ဝဝ သာရှိခဲ့သဖြင့်   ၂ဝ၁၇ ခုနှစ်ထက်၉ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက်အရ  ဒေသအခြေအနေနှင့်ကိုက်ညီသည့် လုပ်ငန်းစီမံချက်  (Action Plan) တစ်ခုကို နှစ်နှစ်ကာလ သတ်မှတ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေးဆွဲကာ ဆောင်ရွက်မည်ဖြစ်သည့်အတွက်  တက်ရောက်လာကြသော  ကိုယ်စားလှယ်များက  အကြံဉာဏ်ကောင်းများနှင့်   နည်းလမ်းများကို တင်ပြပေးစေ လိုကြောင်း  ပြောကြားသည်။

ဆက်လက်၍   မူးယစ်ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြခြင်း၊ တွဲဖက် အတွင်းရေးမှူးက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များ အပေါ်  သုံးသပ်တင်ပြခြင်း၊ တက်ရောက်လာသူများက  မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လိုအပ်ချက်၊ အကြံပြုချက်များ၊  ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား တင်ပြခြင်း၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက် (မူကြမ်း) ပေါ်ထွက်လာမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မူးယစ်ဗဟိုအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ မူးယစ်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အတွင်းရေးမှူး   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တွဲဖက် အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ မူးယစ်ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ UNODC ၊DEA ၊ ONCB ၊ NNCC ၊ AFP မှ ကိုယ်စားလှယ်များနှင့် NGO မှဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သိရသည်။                 

(သတင်းစဉ်)

Read 211 times Last modified on Wednesday, 15 May 2019 12:34