SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာ (၂ဝ၁၈-၂ဝ၂ဝ) ရှင်းလင်းခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်မှု လုပ်ငန်းစဉ် ဆွေးနွေးပွဲ ကျင်းပ

Thursday, 16 May 2019 10:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၅

မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ(၂ဝ၁၈-၂ဝ၂ဝ)ကို  မြန်မာနိုင်ငံအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါမဟာဗျူဟာ အကောင်အထည်ဖော်မှု အတွက် ရှင်းလင်းခြင်းနှင့် ပေါင်းစပ်ဆောင်ရွက်မှု လုပ်ငန်းစဉ် ဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဗဟိုအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများမှ  ဒုတိယဝန်ကြီးများ၊  ဒုတိယရှေ့နေချုပ်၊  အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့မှူးများ၊  ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် သံရုံးများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာ ရေးဆွဲထားရှိမှုနှင့်   ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ  Mr. Troels Vestor က ဆွေးနွေး ပြောကြားသည်။

ထို့နောက်  တက်ရောက်လာသော ဝန်ကြီးဌာနများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ ရဲတပ်ဖွဲ့မှူးများက သိရှိလိုသည်များ မေးမြန်း၍   စီမံချက်အကောင်အထည် ဖော်မှုများအတွက် အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်သည်။

မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာ(၂ဝ၁၈-၂ဝ၂ဝ) အကောင်အထည်ဖော်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်တွင်  ပေါ်ပေါက်လာမည့် မှုခင်းများအား  ကြိုတင်ကာကွယ် တားဆီးနိုင်ရေး အတွက် မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မှု ဖြစ်ကြောင်း သိရသည်။                      

 (သတင်းစဉ်)

Read 70 times Last modified on Thursday, 16 May 2019 10:45