Print this page

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လေယာဉ်မှူးကြီးနှင့် လေယာဉ် အဖွဲ့သားများထံ ပေးအပ်ချီးမြှင့်

Friday, 17 May 2019 11:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၆

ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines-MNA) မှ လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

လေယာဉ်အမှုထမ်း ခုနစ်ဦးနှင့် ခရီးသည် ၈၂ ဦးပါဝင်သော မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်အမှတ် XYAGQ ၊ Embraer 190 ခရီးသည်တင်လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁ဝ၃) သည် မေ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မှမန္တလေးသို့ ပျံသန်းလာရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်းတွင် Nose Landing Gear ချမရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးဆုံးရှုံးမှု အနည်းငယ်ဖြင့် မြေပြင်သို့ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်စား ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ဂုဏ်ပြု အမှာစကား ပြောကြားသည်။

အလားတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကလည်း ဂုဏ်ပြု အမှာစကားများ ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဖက်လေယာဉ်မှူး ဦးကောင်းဆက်လင်းနှင့် ဦးမျိုးသီဟအောင်၊ အကြီးတန်း လေ ယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ ဒေါ်ခိုင်ဇာလင်းနှင့် ဒေါ်ဥမ္မာအောင်တို့ထံ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းနှင့် မြန်မာအမျိုးသားလေကြောင်း အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းတို့ က လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများအား ဂုဏ်ပြု အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က လေယာဉ်မှူးကြီး နှင့် လေယာဉ်အဖွဲ့သားများအတွက် ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကို လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်ထံ ပေးအပ် ချီးမြှင့်ခဲ့ပြီး လေယာဉ် အဖွဲ့သားများကိုယ်စား ဦးမြတ်မိုးအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

Read 301 times