SJ WorldNews - шаблон joomla Авто

ကျောက်ဖြူရေနက် ဆိပ်ကမ်းကြောင့် မြန်မာ့ ကုန်သွယ်မှုမြင့်တက်လာမည်

Thursday, 23 May 2019 09:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၂၂

ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျထူထောင် လုပ်ကိုင်သွားခြင်းဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ  ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်စွာတိုးတက်လာပြီး နိုင်ငံတကာကုန်သွယ်မှု မြင့်တက် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး   မစ္စတာဟုန်လျန်က ပြောကြားသည်။

''အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်  ရေနက်ဆိပ်ကမ်းတစ်ခု အလျင်အမြန်လိုအပ်ပါတယ်။ ယခု မြန်မာနိုင်ငံကို လာတဲ့ကုန်ပစ္စည်းအများစုက စင်ကာပူနိုင်ငံကတစ်ဆင့် လာရပါတယ်။ ဒီအတွက် စီးပွားရေးကုန်ကျ စရိတ်တွေများ ပါတယ်။  မြန်မာနိုင်ငံမှာ  ကျောက်ဖြူရေနက်ဆိပ်ကမ်းလို နိုင်ငံတကာရေနက် ဆိပ်ကမ်းတစ်ခုမှ  မရှိသေးပါဘူး။ ကျောက်ဖြူရေနက် ဆိပ်ကမ်းကို  အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုရင် ကုန်သွယ်မှုတိုးတက် လာမှာဖြစ် ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။    ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးမှုအတွက်လည်း များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က မေ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ သံအမတ်ကြီး နေအိမ်၌ ကျင်းပသော  ပထမအကြိမ် တရုတ်-မြန်မာမီဒီယာလက်ဖက်ရည်ကြမ်းဝိုင်းဆွေးနွေးပွဲ၌ မီဒီယာများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင်   အထူးစီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ကျောက်ဖြူ အထူးစီးပွား ရေးဇုန်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တရုတ်-အိန္ဒိယနှင့် အာဆီယံတို့အကြား ကုန်သွယ်မှု စင်္ကြံတစ်ခု ထူထောင်သွားရန် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက စတင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး တရုတ်စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုက တင်ဒါ အောင်ဆောင် ရွက်လျက်ရှိကြောင်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် အထူးစီးပွားရေးဇုန် တစ်ခုလည်း တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရေနက်ဆိပ်ကမ်း ကုန်တန်ချိန် ၇ ဒသမ ၈ သန်း ဝင်ဆံ့ပြီး ကုန်သေတ္တာလုံးရေ ၄ ဒသမ ၉ သန်း နှစ်စဉ်ဝင်ထွက်

အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းပထမ အဆင့်အနေဖြင့် မြေအသုံးပြုမှု ဟက်တာ ၁၇ဝဝအသုံးပြုပြီး  ဟက်တာ ၁ဝဝဝ ခန့်ကို  စက်မှုဇုန်အဖြစ် ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရက အဆိုပါအထူးစီးပွား ရေးဇုန်အတွင်း စွမ်းအင်ရရှိရေး၊ ဆက်သွယ်ရေး၊ ရေရရှိရေးနှင့်လမ်းများ အဆင့်မြှင့်တင် ရေးအပါအဝင်  အခြေခံအဆောက်အဦများ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားကြောင်း၊ ၄င်းရေနက်ဆိပ်ကမ်းသည် နှစ် ၂ဝ ကျော်ကာလအတွင်း   ဖွံ့ဖြိုးပြီးအဆင့်သို့ ရောက်ရှိ လိမ့်မည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 87 times Last modified on Thursday, 23 May 2019 09:24