SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုကို သာမက ကုန်သွယ်ရေး ကဏ္ဍကိုလည်း မြှင့်တင်

Thursday, 23 May 2019 10:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၂၂

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် (၂၇)ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်

ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၊  လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ သကြားနှင့်  ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ မိုဘိုင်းလ် လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ဒုတိယသမ္မတ  ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ပုဂ္ဂလိက စီးပွား ရေး လုပ်ငန်းရှင်များနှင့်   လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ မှစတင်ကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိရာ ယခုတွေ့ဆုံပွဲသည် (၂၇)ကြိမ်မြောက် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် (၂၆)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲ အကြံပြုတင်ပြချက် အားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ တချို့အချက်များသည်   အချိန်ယူ၍ ဆက်လက်ဆောင်ရွက် ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ တချို့ဆက်လက် ဖြေရှင်းဆောင်ရွက် ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ(Public-Private  Dialogue)  များပြုလုပ်ကာ ပြီးပြတ်သည်အထိ အဆင့်ဆင့်  ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း။

နိုင်ငံတော်၏   စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် နေရာတွင် ကုန်သွယ်ရေး ကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် တည်ရှိပြီး   နှစ်စဉ်ကုန်သွယ်မှု ပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မေ၃ ရက်အထိ ကိန်းဂဏန်းများအရ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂ဝ ဒသမ ၄၉၁ ဘီလီယံ အထိရှိခဲ့ပြီး ယခင်နှစ် အလားတူ

ကာလထက် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၃ ဘီလီယံ  ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊အဆိုပါကုန်သွယ်မှုပမာဏ    အမေရိကန်ဒေါ်လာ ၂ဝ ဒသမ ၄၉၁ ဘီလီယံတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ဝ၇၃ ဘီလီယံ ပါဝင်သည့်အတွက် ၈၄ ရာခိုင်နှုန်းအထိ   ပါဝင်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နဝမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် မေ ၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ Ease  of Doing  Business  Ranking တိုးတက်စေရေး လုပ်ငန်းအဖွဲ့တို့မှ  တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ  တာဝန်ရှိသူများ  တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း။

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့်   အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန်ပစ္စည်းများကို  တားဆီး ထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေး အတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂ဝ၁၉ ခုနှစ် ဧပြီလအထိ ဖမ်းဆီးအရေးယူမှု ၅၁၂ ကြိမ် ခန့်မှန်းတန်ဖိုးငွေကျပ်  ၉ ဒသမ ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုကိုသာမက ကုန်သွယ်ရေး ကဏ္ဍကိုလည်း    မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊အဆိုပါအချက်ကို အခြေပြုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ကုန်သွယ်ရေးကို   အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ခွင့်ပြုပေးလျက်ရှိကြောင်း၊   ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များအရ ၂ဝ၁၉ ခုနှစ် မတ်လအထိ ခွင့်ပြုပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက်သည် ၁၅၄၉ ခုရှိသည်ကို တွေ့ရှိရကြောင်း။ 

ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းပြီးခေတ်နှင့်လျော်ညီသည့် ဥပဒေပြဋ္ဌာန်းခြင်း၊  လုပ်ထုံး လုပ်နည်းပိုင်း ဆိုင်ရာများတွင် ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး တစ်ဖက်တွင်လည်း ၎င်းတို့ကို သိရှိနားလည်စေရန်အတွက် အစိုးရဘက်နှင့် ပုဂ္ဂလိက နှစ်ဖက်စလုံးအတွက်

အလုပ်ရုံ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိကြောင်း။

ရင်းနှီးမြှုပ်နှံမှုတစ်ခုတွင်  နိုင်ငံ၏ စီးပွားရေး၊ ပတ်ဝန်းကျင်နှင့်  လူမှုစီးပွားဘဝ သုံးမျိုးလုံးအပေါ် ကောင်းမွန်သည့်   သက်ရောက်မှုရှိမှသာလျှင် ပြည့်စုံပြီးတာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုဟု ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း၊ ယခုလို သုံးမျိုးသုံးဖလှယ် ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှုများ ရရှိလာအောင် အစိုးရဘက်မှ ကြိုးစားနေသကဲ့သို့ လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့လုပ်ငန်းမှ နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေနှင့်  လူမှုစီးပွားဘဝတို့အပေါ် ကောင်းမွန်သည့် သက်ရောက်မှုများရှိလာနိုင်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များ အနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်း အဖွဲ့များ၏ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီးစီးမှု အခြေအနေ၊ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့်  တရားမဝင် ကုန်သွယ်မှုများ တားဆီးထိန်းချုပ်နိုင်ရေး အတွက် စီမံဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ ပဲနှင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး   ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပပြီးစီးမှု အခြေအနေ၊  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စက်မှုဇုန်များ အဆင့်မြှင့်တင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့်  ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပို့ကုန်မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက်     တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ  ဦးရဲထွဋ်နိုင်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနေသူရိန်၊ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် မြန်မာနိုင်ငံ မိုဘိုင်းလ်လုပ်ငန်းရှင်များ အသင်းအထွေထွေ အတွင်းရေးမှူး ဦးကျော်ဆန်းဦးတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။

ယင်းနောက်   ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး  တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

Read 114 times Last modified on Thursday, 23 May 2019 10:07