SJ WorldNews - шаблон joomla Авто

သဘာဝဓာတ်ငွေ့ရည်(LNG)ဖြင့်လျှပ်စစ်ထုတ်ရန် ဓာတ်ငွေ့ရည် လက်ခံဆိပ်ကမ်းနှင့် ဓာတ်အားပေး စက်ရုံတို့ကို မကြာမီ ကာလအတွင်း တည်ဆောက်မည်

Thursday, 13 June 2019 11:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၁၂

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဓာတ်အားပေး စက်ရုံဝင်းအတွင်း၌ ၃၈၈ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ၊ ဒလမြို့နယ်၌ သဘာဝဓာတ်ငွေ့ရည်(LNG)  လက်ခံ ဆိပ်ကမ်းနှင့် ရန်ကုန်မြစ်ကြမ်းပြင်အောက်မှ ဆက်သွယ်သော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ဆက်သွယ်ဆောင်ရွက်ခြင်းကို မကြာမီ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း   လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

''ဒီစီမံကိန်းလုပ်ငန်းတွေ အဆင့်ဆင့်ပြီးသွားရင် ရန်ကုန်တိုင်း ဒေသကြီးအတွက် ဒီစက်ရုံက ထွက်မယ့် လျှပ်စစ်မဂ္ဂါဝပ် အားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းကျော်  ပေးနိုင်မယ့် အနေအထား ရှိတယ်။ ဒီအတွက် ရန်ကုန်က အရင်ထက်ပိုပြီး အခြေအနေ ကောင်းလာမယ်။စက်ရုံလည်ပတ်ဖို့ သဘာဝဓာတ်ငွေ့တွေကို  ထိုင်း ကနေ သင်္ဘောနဲ့ သယ်လာမယ်။ ပြီးမှအရည်အဖြစ် အသွင်ပြောင်းပြီး စက်ရုံမှာ လျှပ်စစ် ထုတ်ရမှာဖြစ်တယ်။ ထိစပ်မြို့နယ်တွေဖြစ်တဲ့ အလုံ၊  ကြည့်မြင်တိုင်၊  စမ်းချောင်း၊ ဒလ၊ သန်လျင်၊ ကျောက်တန်း စတဲ့ ဒေသက ပြည်သူတွေကို  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိတဲ့ အကြောင်း အသိပညာပေးမှုတွေကို ဒီနေ့ အလုံမြို့နယ်ခန်းမမှာ ဒုတိယအကြိမ်အဖြစ် ပြုလုပ်နေတာဖြစ်ပါတယ်။   EIA/SIA အဖွဲ့တွေက ထောက်ခံမှ ဆက်လုပ်လို့ရမှာပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိရင်တော့ စက်ရုံတည် ဆောက်ဖို့ မဖြစ်နိုင်ဘူးပေါ့။''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲလွင် (ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ) ကပြောသည်။

ယခုအခါတွင် စီမံကိန်းလုပ်ငန်း ဖော်ဆောင်ရန် ရှေ့ပြေးလုပ်ငန်းများ အဖြစ် ဒုတိယအကြိမ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်မှု ဆန်းစစ်ခြင်း(ESIA ) လုပ်ငန်းစဉ်၏ ဒုတိယအကြိမ်  အများပြည်သူများအား ရှင်းလင်းတင်ပြခြင်း လုပ်ငန်းနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနနှင့် TPMC ကုမ္ပဏီတို့အကြား ဓာတ်အားဝယ်ယူ ရောင်းချနိုင်ရေး စာချုပ်အတွက် အပြီးသတ် ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးသည်နှင့် ယခုနှစ်အတွင်း စက်ရုံတည်ဆောက်ရေး လုပ်ငန်းများ စတင်ရန်   မျှော်မှန်းထားကြောင်း သိရသည်။

ပြည်ပမှ စွမ်းအင်သင်္ဘောကြီးများဖြင့် တင်သွင်းလာသော သဘာဝဓာတ်ငွေ့ LNG လက်ခံဆိပ်ကမ်းကို ဒလမြို့နယ်၏ တောင်ဘက်ပိုင်း ရန်ကုန်မြစ်ဘေးရှိ မြေဧက ၁၅ ဧကခန့် အပေါ်တွင် တည်ဆောက်သွားရန် လျာထားပြီး  တိုင်ကီတစ်လုံးလျှင် ၂၅ဝဝဝ  ကုဗမီတာရှိသော  သိုလှောင်တိုင်ကီ နှစ်လုံးနှင့်  သဘာဝဓာတ်ငွေ့ရည် ပြုလုပ်သည့် ယူနစ်စည်တို့ကို  ထည့်သွင်း လုပ်ဆောင်မည်ဖြစ်သည်။  ထိုမှတစ်ဆင့် ၂၄ ဒသမ ၄ ကီလိုမီတာ အရှည်ရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ LNG  ဆိပ်ကမ်း(ဒလ)မှ စတင်ကာ ကားလမ်းမဘေး တစ်လျှောက် တွံတေးတူးမြောင်းကို ဖြတ်သန်းကာ ဆိပ်ကြီးခနောင်တို ဆိပ်ကမ်းဘက်အခြမ်းမှ အလုံစက်ရုံဆီသို့ ရန်ကုန်မြစ်အောက်ခြေမှ သွယ်တန်း သွားမည်ဖြစ်ပြီး   ရရှိလာသော ဓာတ်ငွေ့ရည်များကို အလုံမြို့နယ် လျှပ်စစ်ဝင်းအတွင်း မူလTPMC ၁၂၁ မဂ္ဂါဝပ်ဓာတ်အား စက်ရုံအနီး မြေဧက ၈ ဒသမ ၁၆ ဧကပေါ်တွင် လျှပ်စစ် ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံ အသစ်ကို TPMC မှ တာဝန်ယူကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို စတင်သည့်အချိန်မှ ၂၈ လအကြာအတွင်း  အပြီးဆောင်ရွက်ရန် လျာထားသည်။  စီမံကိန်းတွင် လျှပ်စစ်ထုတ်လုပ်မှု နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမနည်းမှာ သဘာဝဓာတ်ငွေ့ လောင်စာသုံး   ဂက်စ်တာဘိုင်ကို မောင်းနှင်၍ ချိတ်ဆက်ထားသော ဂျင်နရေတာကို လည်ပတ်စေကာ  လျှပ်စစ်ဓာတ်အား ထွက်ရှိစေမည်ဖြစ်သည်။  ဒုတိယနည်းမှာ  ဂက်စ်တာဘိုင်မှ ထွက်ရှိလာသော အပူစွမ်းအင်ကို ဘွိုင်လာတွင် အသုံးချ၍  ရေနွေးငွေ့ထုတ်ယူကာ ရေနွေးငွေ့တာဘိုင်ကို လည်ပတ်စေပြီး   ထိုမှတစ်ဆင့် ချိတ်ဆက်ထားသော ဂျင်နရေတာကို လည်ပတ်စေ၍  လျှပ်စစ်ဓာတ်အား  နောက်တစ်ဆင့်ကို ထွက်ရှိစေမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း တစ်ခုလုံးအတွက်  ကျွမ်းကျင်အင်ဂျင်နီယာများ အပါအဝင် လုပ်သားအင်အား လူဦးရေ ၁ဝဝဝ ကျော်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်း၌ ဒေသခံများထဲမှ ပညာတတ် အင်ဂျင်နီယာ လူငယ်များ၊ ဆောက်လုပ်ရေး လုပ်ငန်း ကျွမ်းကျင်သူများ၊ အခြေခံ လူတန်းစားများအား အလုပ်ခန့်အပ် သွားမည်ဖြစ်ကြောင်း TPMC  စီမံကိန်း ဖော်ဆောင်ရေးရုံးမှ သိရသည်။

Read 214 times Last modified on Thursday, 13 June 2019 11:48