SJ WorldNews - шаблон joomla Авто

လေ့လာစရာ များပြားသည့် ရမ်ဆာ ရေဝပ် ဒေသက မိန်းမလှကျွန်း

Wednesday, 26 June 2019 08:34 font size decrease font size decrease font size increase font size increase font size

ဘိုကလေး   ဇွန်  ၂၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ သုတေသနပြု လေ့လာစရာများ၊ လေ့လာကြည့်ရှု အပန်းဖြေ နိုင်သော အခွင့်အလမ်းများစွာ တည်ရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါဘေးမဲ့တောတွင် ငှက်မျိုးစိတ်များ ပျံ့နှံ့ကျက်စားမှု၊  ရေချိုရေငန်စပ် မိကျောင်းများ၏ အလေ့အထများနှင့် ဂေဟ ဗေဒ၊ ရာသီ ဥတုပြောင်းလဲမှု၏ ဒီရေတောများအပေါ် အကျိုးသက်ရောက်မှု၊ ဒီရေတောမှရရှိသည့် သယံ ဇာတများက ဒေသခံပြည်သူများ၏ စီးပွားရေးကို အထောက်အကူပြုမှု၊ ဒီရေတော ဂေဟစနစ် ဝန်ဆောင်မှုများနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုလျော့နည်း သက်သာခြင်း ဆက်စပ်မှုများကို လေ့လာနိုင်ကြောင်း၊ နို့တိုက် သတ္တဝါ ၁၈ မျိုး၊ ငှက် ၁၉ဝ မျိုး၊ ကုန်းနေရေနေနှင့် တွားသွား သတ္တဝါ ၃၈ မျိုး၊ ငါး ၁၁ဝမျိုး၊ ကဏန်းခြောက်မျိုး၊ ပုစွန် ၁၄ မျိုး၊ လိပ်ပြာ ၃၅ မျိုး၊ ဒီရေတောသစ်မျိုး ၂၉ မျိုးနှင့် သစ်ခွခြောက်မျိုးတို့ ဘေးမဲ့တော အတွင်း တည်ရှိကြောင်း၊ လေ့လာ အပန်းဖြေ စရာများ အဖြစ်  ဒီရေတောအတွင်း  စက်လှေစီး၍ လေ့လာခြင်း၊  ဒေသခံများ၏  မိရိုးဖလာ ငါးဖမ်းနေမှုများ၊ ငှက်၊ ဧရာဝတီလင်းပိုင်၊ ပင်လယ်လိပ်များ၏ နေထိုင် ကျက်စားမှုများ လေ့လာနိုင်မည်ဖြစ်ကြောင်း သဘာဝဝန်းကျင် နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ  သိရသည်။

ဘေးမဲ့တောသို့လာရောက်လေ့လာသူများ အနေဖြင့် ကင်းစခန်းများနှင့် လူ ၁ဝ ဦးဆံ့သည့် ဧည့်ရိပ်သာတွင် တည်းခို နိုင်ပြီး လက် လှော်လှေ၊ စက်တက်လှေများ ငှားရမ်းနိုင်ကြောင်း၊ ဘေးမဲ့တော၌ ဒေသခံ လမ်းပြများလည်း ရှိကြောင်း သိရသည်။

အဆိုပါ ဘေးမဲ့တောကို ၁၉၁၅ခုနှစ်တွင် မိန်းမလှကျွန်း ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၈၅ခုနှစ်တွင် မိန်းမလှကျွန်း (တိုးချဲ့)ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ခုနှစ်တွင် မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့ တော အဖြစ်  သတ်မှတ် ခဲ့ကြောင်း၊၂ဝဝ၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်းနှင့် ၂ဝ၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ် ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း  သစ်တော ဦးစီးဌာနမှ သိရသည်။

မိုးစက် (ဘိုကလေး)

...................

Read 260 times Last modified on Wednesday, 26 June 2019 08:34