SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာ စားပွဲကျင်းပ

Thursday, 18 July 2019 08:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဇူလိုင်   ၁၇

နိုင်ငံတော်၏    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာ စားပွဲကို ယနေ့ည ၆ နာရီတွင် ရန်ကုန်မြို့ရှိ  Novotel Hotel ၌  ကျင်းပသည်။

မိတ်ဆုံညစာစားပွဲ မစတင်မီ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာရေးဆရာ၊ ဆရာမများအား    ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ စာပေနှင့် နှီးနွှယ်သည့် အကြောင်းအရာများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က   နေပြည်တော်တွင် စာနယ်ဇင်း လောကမှပုဂ္ဂိုလ်များနှင့်  တွေ့ဆုံသည့်အခါ အားလုံးမပါဝင်သည်ကို သတိပြုမိကြောင်း၊ မိမိတို့နိုင်ငံ၏ စာနယ်ဇင်းလောကမှာ ကျယ်ပြန့်ကြောင်း၊   နိုင်ငံတစ်နိုင်ငံ၏  ဖွံ့ဖြိုးတိုး တက်မှုနှင့်  ဂုဏ်သိက္ခာမှာ  မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏  ပညာအရည်အချင်းပေါ်တွင် မူတည်ကြောင်း၊ ပညာဆိုသည်မှာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်းဟု ယုံကြည်ယူဆကြောင်း၊ မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ရန်ဆိုလျှင် ဘဝအတွေ့အကြုံနှင့် စာပေ အတွေ့အကြုံများမှာ အရေးကြီးကြောင်း၊ မိမိတို့ပြည်သူ၊ ပြည်သားများ အမြင်ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးသည့်အတွက် စာပေလောကမှ ပုဂ္ဂိုလ်များကို လေးစားကျေးဇူးတင်ကြောင်း၊  မိမိတို့နိုင်ငံမှ စာနယ်ဇင်းပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အမြင်ကျယ်ခြင်း၏ ကောင်းကျိုးများနှင့် အမြင်ကျယ်ခြင်းသည်   မိမိတို့လူ့အသိုင်းအဝိုင်းကို မည်သို့ ဆောင်ရွက်ပေးနိုင်သည်ကို ပညာပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊  မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ၏   စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိရန်၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတိုးတက်လာစေရန် စာနယ်ဇင်းပုဂ္ဂိုလ်များက ဝိုင်းဝန်း ကူညီပေးကြမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက်   ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိတ်ဆုံညစာစားပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက်   စာရေးဆရာ၊ ဆရာမများကိုယ်စား စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်  စာရေးဆရာ၊ ဆရာမများနှင့် အတူ  ညစာအတူတကွ သုံးဆောင်သည်။

ညစာစားပွဲသို့   ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊   သူရဦးအောင်ကို၊  ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ၊  စာရေးဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

Read 89 times Last modified on Thursday, 18 July 2019 08:46