SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့်ပြည်နယ်လေးခု၌ ရေဘေးရှောင် အိမ်ထောင်စု ၉ဝဝဝ ကျော်ရှိနေ

Wednesday, 24 July 2019 09:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၂၃

မိုးများပြီး ဧရာဝတီမြစ်ရေ တိုးလာမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ယခုအခါတွင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ ရေဘေးရှောင်ပြည်သူများ အနေဖြင့် မူလနေရပ်သို့ပြန်နိုင်ခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊  မကွေးတိုင်းဒေသကြီး တို့တွင်  ရေဘေးရှောင် အိမ်ထောင်စုများ ရှိနေသေးကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန (ရုံးချုပ်)နေပြည်တော်မှ သိရသည်။

''ရေကြီးရေလျှံနစ်မြုပ်မှုတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ် ရှစ်ခုလောက်မှာ ဖြစ်ခဲ့တာပါ။ အခုက မွန်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ထောက်ပံ့ ကယ်ဆယ်ရေးတွေ လုပ်ပေးနိုင်ခဲ့ပြီး ရေဘေးရှောင်နေတဲ့သူတွေ မရှိတော့ပါဘူး။ ရေကြီးရေလျှံမှုတွေလည်း မရှိတော့ဘူး။ ကချင်ပြည်နယ်ဆိုရင် ဗန်းမော်မှာ အိမ်ထောင်စု ၁ဝဝပေါ့။ နည်းနည်းပဲ ကျန်ပါတော့တယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးကတော့ အိမ်ထောင်စု ၄ဝဝဝ ကျော်လောက်စီ ရှိနေသေးတယ်။ မကွေးတိုင်းဒေသကြီးကတော့ နည်းတယ်။ အိမ်ထောင်စု ၁၂ဝ လောက်ပဲရှိပါတယ်။ အဲ့ဒီနေရာတွေကတော့ ရေဘေးရှောင်တွေ ရှိနေသေးတယ်။ ပြန်ပြီး မရွှေ့ကြသေးဘူးပေါ့။   တဖြည်းဖြည်းနဲ့ အထက်ဘက်ကနေ အလယ်ပိုင်း  ပြီးတော့ အောက်ပိုင်းဆိုသလို  မြစ်ရေကတော့ တိုးနေတာတွေလည်း ရှိနေပါတယ်'' ဟု နေပြည်တော်ရှိ  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း ကပြောသည်။

ယခုအခါတွင် ကချင်ပြည်နယ် ဗန်းမော်မြို့၌ ရေဘေးရှောင် အိမ်ထောင်စု ၁ဝဝ ဝန်းကျင်ခန့်သာ ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဦး၊ စစ်ကိုင်း၊ ကျောက်မြောင်းမြို့နယ်တို့ရှိ  အိမ်ထောင်စု ၄၃ဝဝ ကျော်တွင်လူဦးရေ ၁၉၅ဝဝ ကျော်ခန့်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း၊ စဥ့်ကူး၊ စဥ့်ကိုင်၊ တံတားဦး၊ တောင်သာမြို့နယ်တို့ရှိ အိမ်ထောင်စု ၄၉ဝဝ ကျော်တွင်  လူဦးရေ ၂၁ဝဝဝ ကျော်ခန့်ရှိကြောင်း၊   မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်နှင့်  ရေနံချောင်းမြို့နယ်တို့ရှိ အိမ်ထောင်စု ၁၂ဝ တွင် လူဦးရေ ၅၂ဝ ကျော်ခန့်ရှိပြီး လက်ရှိတွင် ယာယီရေဘေးရှောင် နေရာများသို့   ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း    နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) မှ သိရသည်။

လက်ရှိတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်း

များအပြင် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများ အပါအဝင် စုစုပေါင်းငွေကျပ် ၁၆၉၈ သိန်းကျော် ထောက်ပံ့နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ထောက်ပံ့မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြု ချက်များကို အလေးထားဂရုပြု လိုက်နာရန်နှင့် ဒေသအလိုက်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးများ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) ဖုန်းနံပါတ် ဝ၆၇- ၃၄ဝ၄၆၆၆၊ ဝ၆၇-၃၄ဝ၄ဝ၇၇၇ တို့သို့ ဆက်သွယ်ကာ အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

Read 70 times Last modified on Wednesday, 24 July 2019 09:33