SJ WorldNews - шаблон joomla Авто

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပ

Wednesday, 24 July 2019 10:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်   ၂၄

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲ အခမ်းအနားကို  ယနေ့ည ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပရာ  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊  အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်   နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် ဒေသများထဲမှ  ဟန်လင်း၊  ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူရှေးဟောင်းမြို့များကို ၂ဝ၁၄ ခုနှစ်မှစတင်ပြီး  မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသား အားလုံး၏ နှလုံးသားထဲတွင်  အထင်ကရရှိသည့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂ဝ၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် နိုင်ငံသူနိုင်ငံသားများအားလုံး   အထူးဂုဏ်ယူ ဝမ်းမြောက်ကြရကြောင်း၊ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို  ကမ္ဘာက သိရှိခွင့်ရပြီး ကမ္ဘာတွင် မြန်မာ၏ ဂုဏ်သိက္ခာမြင့်တက်လာကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ဒေသများဖြစ်သည့် မြောက်ဦးရှေးဟောင်းဒေသ၊ ရွှေတိဂုံစေတီတော်နှင့် ပြဒါးလင်းဂူ အစရှိသည့် ရှေးဟောင်းနေရာဒေသများကိုလည်း   မြန်မာ့အမွေအနှစ်မှ    ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီးနောက်ပိုင်း နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS ) က မေးမြန်းထားသည့် အချက်အလက်များကို BAGAN COM အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ ပညာရှင်များက   ပေါင်းစပ်ညှိနှိုင်းပြီး ရေတိုရေရှည် စီမံကိန်းများ၊  နည်းဗျူဟာများ ပေါင်းစပ်ညှိနှိုင်းမှုများ၊ ဖြေလျှော့ဆောင်ရွက်မှုများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန်   လိုအပ်ကြောင်း၊  အဆိုပါ လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက် ညှိနှိုင်းမှုများဖြင့်   အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်ကြမည်ဟုယုံကြည်ကြောင်း။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် တင်သွင်းနိုင်ရေး ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊  အစိုးရ အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ပုဂံဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာတွင် ကြိုးပမ်းအားထုတ် ပူးပေါင်းပါဝင် ပံ့ပိုးကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံနိုင် ရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့်အတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ပပညာရှင်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ နိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံမှ Ms. MonitoraUnakul ၊ အင်္ဂလန်နိုင်ငံမှ Ms. Elizabeth Moore ၊သြစတြေးလျနိုင်ငံမှ Ms. Charlotte Galloway ၊ UNESCO မှ မြန်မာနိုင်ငံ တာဝန်ခံ Ms. Min Jeong Kim? JICAမှ မြန်မာနိုင်ငံ တာဝန်ခံ Mr.Masayuki Karasawa နှင့် ကမ္ဘာ့ဘဏ် မှ Mr. GevorgSargsyan တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ပပညာရှင်များ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ကြီးချုပ်များဖြစ်ကြသည့် သြစတြေးလျနိုင်ငံမှ Mr.Duncan Marshall၊ ဆွစ်ဇာလန်နိုင်ငံမှ Mr. Kaiweise ၊ အမေရိကန်နိုင်ငံမှ Mr.Richard Engelhardt၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှု သံမှူး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးနှင့် ပြည်တွင်း ပညာရှင်များဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်  ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ Bagan Techanical Expert Team, Advisory Chairmanဒေါက်တာအောင်မြတ်ကျော်၊ မြန်မာနိုင်ငံ ဗိသုကာအသင်းနာယက ဒေါက်တာ ကျော်လတ်၊ ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးညွန့်ဟန်နှင့် ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဒေါက်တာစန်းဝင်းတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြည်တွင်းပညာရှင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ရှေးဟောင်း  သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ကြိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦး စော၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဦးကျော်တုတ်၊ တိုင်းဒေသကြီး  လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် ဦးမြင့်စိန် တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ နှလုံးသားထဲက ပုဂံ ဓာတ်ပုံအဖွဲ့နှင့် ပရဟိတအဖွဲ့များ ကိုယ်စား  တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။

ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာ လက်ခံရရှိသူများ ကိုယ်စား နှလုံးသားထဲမှပုဂံ ဓာတ်ပုံ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့ တက် ရောက်လာကြသူများသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများနှင့် အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနားသို့  တက်ရောက်လာကြသူများသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနု ပညာဦးစီးဌာနမှ အနုပညာရှင်များက ပုဂံ ခေတ်ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

Read 83 times Last modified on Wednesday, 24 July 2019 10:24