SJ WorldNews - шаблон joomla Авто

ရေကြီးရေလျှံမှုနှင့် မြေပြိုဘေး ကျရောက်ခဲ့သော ဒေသများသို့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် ခရီးစဉ် တွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် သုံးသပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ

Thursday, 15 August 2019 09:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၄

ရေကြီးရေလျှံမှုနှင့် မြေပြိုဘေး ကျရောက်ခဲ့သော ဒေသများသို့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ  သွားရောက်ခဲ့သည့် သြဂုတ် ၁ဝ ရက်မှ ၁၂ ရက်အထိ ခရီးစဉ်အတွင်း တွေ့ရှိချက်များ နှင့်စပ်လျဉ်းသည့်  သုံးသပ်ညှိနှိုင်း အစည်းအဝေးကို  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန   အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ     တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ၂ဝ၁၉ ခုနှစ် ဇွန်လနောက်ဆုံးပတ်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင်  ရေကြီးရေလျှံမှုများ  စတင်ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများဖြစ်ကြသည့် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဆက်လက်ဖြစ်ပေါ်နေပြီး သြဂုတ် ၁၃ ရက်အထိ ရေဘေးရှောင်စခန်း ၁၆၆ ခု တွင် လူဦးရေစုစုပေါင်း ၇၉၃၈၉ ခန့်သည် ယာယီရေဘေးရှောင် နေရာများ၌ ဆက်လက် တိမ်းရှောင်နေဆဲဖြစ်ကြောင်း။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီ  တိုင်းဒေသကြီးတို့အတွင်း မြေပြိုမှုများ၊ လမ်း သားပဲ့ကျမှုများနှင့် တံတားပျက်စီးမှုများ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ရေကြီး ရေလျှံမှုများနှင့်အတူ ပုံမှန်ကြုံတွေ့ရလေ့ ရှိသည့် သာမန်မြေပြိုမှု၊ လမ်းသားပဲ့ကျမှုများ အပြင် တောင်ပြိုမှုကဲ့သို့သော မမျှော်လင့်နိုင်သည့် အန္တရာယ်များလည်း ဖြစ်လာနိုင် ကြောင်းတွက်ဆ၍ ကြိုတင်ကာကွယ်မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။

လတ်တလောဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍  အရေးပေါ် တုံ့ပြန် မှု လုပ်ငန်းများတွင် အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြသကဲ့သို့  ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်  သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး၊   ပုံမှန်သဘာဝ ဘေးအန္တရာယ်များအပြင် မမျှော် မှန်းနိုင်သည့်  သဘာဝ ဘေးအန္တရာယ်များ အတွင်း ကြိုတင်ကာကွယ်မှုများနှင့် ဇာတ် တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရေးနှင့် ပြည်သူလူထု အသိပညာပေး လုပ်ငန်းများ  ဆောင်ရွက်ရေးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုကြစေလိုကြောင်း ပြော ကြားသည်။

ထို့နောက် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက   ရန်ပုံငွေရရှိရေးနှင့် စိစစ်သုံးစွဲမှု အခြေအနေများ၊ သဘာဝဘေးဒဏ် အလျင်အမြန် တုံ့ပြန်ရေးဆိုင်ရာများနှင့်  ဆက်လက် ဆောင်ရွက်သွား မည့် အစီအမံများကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊  ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော် နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုး၊ ဒေါက်တာ ထွန်းနိုင်၊ ဦးကျော်လင်းနှင့် ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့်  ဦးမြတ်သူနှင့်  ဦးကျော်မြင့်လှိုင်၊  ဘူမိဗေဒပညာရှင် ဦးယုမောင်တို့က အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယသမ္မတသည် အရေး ပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုသည်။         

Read 21 times Last modified on Thursday, 15 August 2019 09:53