SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်များတွင် AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် နှောင့်ယှက်ပစ်ခတ်

Thursday, 15 August 2019 13:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲကင်းစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့အား ယနေ့နံနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နည်းပညာတက္ကသိုလ်မှ တပ်မတော်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားဝန်ထမ်း ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေး ဂိတ်တို့အား မော်တော်ယာဉ် ၁  စီးပေါ်မှ အရပ်ဝတ် ၀တ်ဆင်ထားသူ ၂ ဦးမှ အာရ်ပီဂျီဖြင့်လည်းကောင်း၊  နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့်နယ်မြေခံတပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် တစ်ချိန်တည်းတပြိုင်တည်း အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ချင်း တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်း စခန်း၊ နောင်ချို တိုးဂိတ်နှင့် အေးရှားဝေါလ်တိုးဂိတ်တို့အား စစ်ကူများသွားရောက်ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေ ရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ  ဘတ္ထရီအိုး၊ ၀ါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန်အသင့်ပြုလုပ်ထားသည့် နေရာ   များနှင့် ဘတ္ထရီအိုး ၁ လုံးတို့အား တွေ့ရှိရသည်။

 

 

အလားတူ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်းအား AA  TNLA MNDAA အကြမ်းဖက် သောင်းကျန်းသူများက ယနေ့နံနက် ၅ နာရီခွဲခန့်တွင် အင်အားအလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တံတားလုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၍ ၄ ဦးပျောက်ဆုံးလျက်ရှိပြီး ဂုတ်တွင်းတံတားအား ဖောက်ခွဲဖျက်ဆီးသွားခဲ့ရာ တံတားပေါက်ပြဲပျက်စီး၍ ယာယီအားဖြင့် ယာဉ်အသွားအလာ ရပ်ဆိုင်းသွားခဲ့သည်။ အဆိုပါ ရဲကင်းစခန်းသို့ စစ်ကူပေးရန် သွားရောက်ခဲ့သည့် လုံခြုံရေးအဖွဲ့နှင့်လည်း ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ရာ တပ်မတော်မှ အရာရှိ/စစ်သည် ၇ ဦး ကျဆုံးခဲ့သည်။ ဆက်သွယ်ရေးလမ်းကြောင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် တံတား ပြင်ဆင်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်းလျက် တပ်မတော် စစ်ကြောင်းများမှလိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင် နောင်ချိုတိုးဂိတ်အနီး မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့အား ၀င်ရောက်တိုက်ခိုက်မှုကြောင့် လုံခြုံရေး ဆောင်ရွက်နေသော  စစ်သည် ၂ ဦး ကျဆုံးခဲ့ပြီး မီးရှို့ထားခဲ့သည့် အရပ်သားအလောင်း ၁ လောင်း၊ ဆိုင်ကယ် ၁ စီး၊ မော်တော်ယာဉ် ၄ စီးတို့အား တွေ့ရှိခဲ့သည်။

အဆိုပါ နယ်မြေတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆုတ်ခွာ သွားသော အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များအား ထက်ကြပ်လိုက်စစ်ဆင်လျက်ရှိသည်။

ယခုဖြစ်စဉ်များမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက်အပါအ၀င် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင်  AA အကြမ်းဖက် သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ AA  TNLA MNDAA  အကြမ်းဖက်သောင်းကျန်းသူများက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် စာပိုဒ်(၇)၌ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအဆင့်တွင်လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေစေရေးတွင် လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှုမဖြစ်စေရန်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် ဖောက်ဖျက်လာပါက  တပ်မတော် အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 342 times Last modified on Friday, 16 August 2019 08:30