SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတအိမ်တော်၌ သတင်းစာရှင်းလင်းပွဲကျင်းပ

Saturday, 17 August 2019 09:53 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့   ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံ တော်သမ္မတအိမ်တော် သတင်းစာရှင်းလင်း ခန်းမ၌ သတင်းမီဒီယာများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင်   ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ‘‘ သြဂုတ် ၁၅ ရက်ကဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ တပ်မတော်က သတင်း ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာန ကလည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က သတင်းနဲ့ တပ်မတော်ကသတင်းနဲ့ ပေါင်းစပ်ပြီး သတင်း ထုတ်ပြန်ထား တာရှိပါတယ်။ ’’

‘‘ နောက်တစ်ချက်က စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို ခန့်အပ်တဲ့ အမိန့်ကြော်ငြာစာထုတ် ပြန်ထားပါတယ်။ အထူးသဖြင့်က စက်မှု ဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပူးတွဲကိုင်တဲ့အတွက် ကျန်ရှိနေတဲ့ဝန်ကြီး ဌာနလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာမင်းရဲပိုင်ဟိန်းကို ခန့်အပ် ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ’’

‘‘ လောလောဆယ်မှာတော့ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့   မန္တလေးတိုင်း ဒေသကြီး ခရီးစဉ် သွားရောက်ပါတယ်။ အဓိက အားဖြင့်တော့  ကင်းထောက်လူငယ်တွေ အောက်မြန်မာပြည်မှာ တွေ့ပြီး ပါပြီ။ အထက် မြန်မာပြည်မှာ တစ်ကြိမ်တွေ့ဆုံဖို့ရှိပါတယ်။

နောက်တစ်ချက်ကတော့ မန္တလေးမှာရှိတဲ့ အဆို၊  အက၊  အတီး၊  ပန်းချီသင်တန်း ကျောင်းကို သွားရောက်တာရှိပါမယ်။ ဒီနေ့ ညမှာတော့ အထက်မြန်မာပြည်မှာရှိတဲ့ မြန်မာနိုင်ငံစာရေးဆရာတွေနဲ့ တွေ့ဆုံပွဲရှိ ပါမယ ’’ ဟုပြောသည်။

ထို့နောက် သတင်းမီဒီယာများ၏မေးမြန်း မှုများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  ပြန်လည်ဖြေကြားသည်။

News Watch  ဂျာနယ်မှ သတင်းထောက် ဦးမောင်မောင်ထွန်း၏ သြဂုတ် ၁၂ ရက်ည

MRTV  သတင်းနှင့် ၁၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်   ဖော်ပြခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၏ ဆောင်ရွက်ချက် သတင်းတွင် အဓိကအားဖြင့် အိုးထိန်း စခန်းတွင် နေရပ် စွန့်ခွာသွားသော တိုင်းရင်းသားများအတွက်ဆိုသော စကားရပ် ဖော်ပြချက်နှင့် စပ်လျဉ်း၍ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယင်းနေ့က သတင်းစာ ၃ စောင်နှင့်  မြန်မာ့ ရုပ်မြင် သံကြားတွင် မှားယွင်းသွားသည့် ဖော်ပြချက်ဖြစ်ကြောင်း၊ ထိုသို့ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ နံပါတ်တစ်အနေဖြင့် ပြောကြား လိုသည်မှာ အဆိုပါ အသုံးအနှုန်း၊ ဝေါဟာရသည်   နိုင်ငံတော်အစိုးရ၏မူ၊ နိုင်ငံတော်အစိုးရ၏ အာဘော်လုံးဝမဟုတ် ကြောင်း၊ မိမိတို့အနေဖြင့် ရှင်းလင်းအောင် ထပ်ပြောရပါက  နိုင်ငံတော်အစိုးရ၏မူ၊ နိုင်ငံတော်အစိုးရ၏ အာဘော်လုံးဝမဟုတ် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒ ပြောင်းလဲခြင်း တစ်စုံတစ်ရာမရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် ယင်းကိစ္စကို မိမိ တို့စိစစ်ကြောင်း၊ အဓိကဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ခေါ်ယူ မေးမြန်းစိစစ်ကြောင်း။

ထိုသို့ စိစစ်ရာတွင် သတင်းကို စတင်ရေးသားသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် တာဝန်ရှိသကဲ့သို့ ထိုသတင်းကို တည်းဖြတ်ပြီး သတင်းစာနှင့် ရုပ်သံတွင် ဖော်ပြခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနတွင်လည်း တာဝန် ရှိကြောင်း၊  ပြန်ကြားရေး ဝန်ကြီးဌာနအနေ ဖြင့် မှားယွင်း ဖော်ပြမိကြောင်း သြဂုတ် ၁၅ ရက်တွင်   ကြေညာ ထားပြီးဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် အဆိုပါဝန်ကြီး ဌာနနှစ်ခု အနေဖြင့် စကားလုံး မှားယွင်း ဖော်ပြသည့် အတွက်၊ အထင်အမြင်လွဲမှား ဖွယ်ရာများ  ဖြစ်ပေါ်စေခဲ့သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများကို စစ်ဆေး အရေး ယူမှုများ လုပ်ခိုင်းထားကြောင်း၊ လက်ရှိအချိန်တွင် စုံစမ်း စစ်ဆေးမှုများလုပ် နေကြောင်း၊ ဌာနဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။        

အလားတူ  ဧရာဝတီသတင်းဌာနမှ မေးမြန်းသည့် ပြင်ဦးလွင်နှင့် နောင်ချိုတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် လတ်တလော မိုင်းလားနှင့်တွေ့ဆုံမှုဖြစ်နိုင်ခြေ ရှိ၊ မရှိ၊  ငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်နိုင်မှု  ရှိ၊ မရှိနှင့် တပ်မတော်မှ  အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  ဆောင်ရွက်သွားမည့် အခြေအနေကို     အစိုးရထံ အကြောင်းကြား ဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က မြောက်ပိုင်းလေးဖွဲ့ နှင့် Bilateral Ceasefire Agreement  ရေးထိုးနိုင်ရေးအတွက် NRPC ဘက်မှ အဆိုပြုချက်များ ပေးထားပြီးဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးမည့် နေရာများ   ညှိနှိုင်းလျက်ရှိကြောင်း၊ တစ်ဖက်မှလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထိထိ ရောက်ရောက် ဆွေးနွေးနိုင်ရန် စစ်တိုင်းကြီး ငါးတိုင်းတွင် အပစ်ရပ် ထားသည်မှာ ယခုလကုန်ဆိုလျှင် ရှစ်လရှိပြီ ဖြစ်ကာ သုံးကြိမ်တိုင်ပြီ ဖြစ်ကြောင်း၊ ပြင်ဦးလွင်နှင့် နောင်ချိုတွင် ဖြစ်ပွားသည့် ဖြစ်စဉ်သည် အကြမ်းဖက် ဖြစ်စဉ် ဖြစ်ကြောင်း၊ အပြစ်မဲ့ ပြည်သူများကို တိုက်ခိုက်ခြင်းနှင့် မူးယစ် ဆေးဝါး စစ်ဆေးသည့် ပစ္စည်း ကိရိယာများကို ဖျက်ဆီးခြင်းသည် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ်သည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို များစွာ ထိခိုက်စေကြောင်း၊ သို့သော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အတွက် အမြဲပင်လမ်းဖွင့် ထားကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ရန် အမှန်တကယ် လိုလားသည့်ဆန္ဒနှင့် ငြိမ်းချမ်းရေး လိုလားသည့် နိုင်ငံရေး ဆန္ဒရှိရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အနှောင့်အယှက် ဖြစ်စေမည့် ကိစ္စရပ်များကို မလုပ်ဆောင်သင့်ဟု ထင်မြင်ကြောင်း။

မြောက်ပိုင်းလေးဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် ငြိမ်းချမ်းရေးတံခါးကို  ဖွင့်လှစ် ထားကြောင်း၊ လက်နက်ကိုင်ခြင်းဖြင့် နိုင်ငံရေးအဖြေမရ နိုင်ကြောင်း၊ နိုင်ငံရေးအဖြေကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးနိုင်ရန် လိုအပ်ကြောင်း၊ ဆွေးနွေး နိုင်ရန်အတွက်လည်း  ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်သမ္မတကြီး၏ ဦးစားပေးမူဝါဒ ဖြစ်သည့် မူးယစ်ဆေးဝါးတားဆီးကာကွယ် ရေးအတွက် ပြင်ဦးလွင် တိုးဂိတ်တွင် ချထား သည့် မူးယစ်ဆေးဝါးစစ်ဆေးသည့် X-Ray စက်ကို ဝယ်ယူတပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့တပ်ဆင်ခြင်းမှာ မေ ၅ ရက်က တပ်ဆင်  ခဲ့ခြင်းဖြစ်ကြောင်း၊  ထိုသို့ တပ်ဆင်ခဲ့သည့် အတွက် ဘိန်းဖြူ ၄၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈ ဒသမ ၅ သန်းသိမ်းဆည်းနိုင်ခဲ့ ကြောင်း၊ ထိုသို့ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအတွက် အထောက်အကူပြုသည့် စက်ကိရိယာကို ဖျက်ဆီးသည့်ရည်ရွယ်ချက် ကို စဉ်းစား ကြည့်လျှင် သိရှိနိုင်ကြောင်း။

နောင်ချိုမြို့ရှိ မူးယစ်ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မူးယစ် ဆေးဝါး တားဆီးကာကွယ်ရေး အတွက် ထိထိ ရောက်ရောက် လုပ်ဆောင်ခြင်းကို ထိခိုက် စေသည့်သဘောဖြစ်ကြောင်း၊ ဂုတ်တွင်း တံတား ထိခိုက်ပျက်စီးသွားသည့် အတွက် နယ်စပ်ကုန်သွယ်ရေးအတွက် ဆက်သွယ် သွားလာနေသည့်ကားများ ပိတ်ဆို့မှုဖြစ်ပေါ် ခဲ့ကြောင်း၊  ထိုသို့ တံတား ပျက်စီးခဲ့သည့် အတွက် ကုန်သွယ်မှု ခေတ္တ ရပ်တန့်သွားပြီး နိုင်ငံတော် အစိုးရ အနေဖြင့် အမြန်ဆုံး သွားလာနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ ငါးရက် အတွင်း နှစ်လမ်းသွား ဘေလီ တံတားဖြင့် ကားကြီးများဖြတ်သန်းသွားနိုင်အောင် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

ပြင်ဦးလွင်နှင့် နောင်ချိုတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် တပ်မတော်ဘက်မှ အရာရှိ စစ်သည်ကိုးဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိကြောင်း၊ အပြစ်မဲ့ပြည်သူသုံးဦးသေဆုံး ခဲ့ပြီး ၁ဝ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် ရဲတပ်ဖွဲ့မှ လက် နက်ခဲယမ်းတန်ဖိုးမပါဘဲ ပျက်စီးဆုံးရှုံးမှု သိန်းပေါင်း ၂ဝဝဝ ကျော်ဖြစ်ပေါ်ခဲ့ကြောင်း။

နိုင်ငံတော်လုံခြုံရေးအတွက် သက်ဆိုင် ရာလုံခြုံရေးအဖွဲ့အစည်းများက အစဉ်အမြဲ စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့စီမံ ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်အာမခံနိုင် သည့် လုံခြုံရေးမျိုးကို နိုင်ငံတိုင်း နိုင်ငံတိုင်း အနေဖြင့် အာမခံပေးရန် ခက်ခဲသော်လည်း ယခုဖြစ်စဉ်အပေါ်  အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ နောက်တစ်ကြိမ် ထပ်မံ မဖြစ်ပွားစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အတူ ဧရာဝတီသတင်းဌာနမှ မေးမြန်းသည့် နေရပ် စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေး စတင်နိုင်မည့် အခြေအနေအပေါ် ညွှန်ကြားရေးမှူးချုပ်က နေရပ်စွန့်ခွာသူများ  ပြန်လည် လက်ခံရေး စတင်ရန် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက အဆင်သင့် ဖြစ်ပြီးဖြစ်ကြောင်း၊ သို့သော်လည်း အကြောင်း ကြောင်းကြောင့်  မလာရောက်နိုင်သေး ကြောင်း၊ သြဂုတ် ၉ ရက်က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့် သူနှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပေးပို့ထားသည့် စာရင်းရှိကြောင်း၊ ထိုစာရင်းအပေါ်တွင် မြန်မာနိုင်ငံဘက်တွင် အမှန်တကယ်နေထိုင်ဖူးသူများ ဟုတ်၊ မဟုတ်နှင့် အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူများ ဟုတ်၊ မဟုတ် စိစစ်ထားကြောင်း၊ စိစစ်ပြီး ပြန်လည်လက်ခံမည့်စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း။

မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ ဒုတိယအသုတ်အဖြစ်ပေးပို့ထားသည့် နေရပ်စွန့်ခွာသူဦးရေ ၂၂၄၃၂ ဦးထဲမှ ပြန် လည်လက်ခံရေးအတွက် အသင့်ဖြစ်သည့်  ဦးရေ ၃၄၅ဝ ဦးကို အသုတ်ခုနစ်သုတ်ခွဲကာ  ပြန်လည်လက်ခံသွားမည်ဖြစ်သည်ဟု အဆို ပြုထားကြောင်း၊ ပြန်လည်လက်ခံမည့်သူများ ကို ပြန်လည်နေရာချထားရာတွင် အားလုံး စုစည်းနေထိုင်နိုင်ရန်အဆိုပြုကြောင်း၊ ဒုတိယ အသုတ်တွင် ၈ဝ၃၂ ဦး၊ တတိယအသုတ် တွင် ၂၅ဝ၄၇ ဦးလက်ခံသွားမည်ဖြစ်ကာ လက်ခံရရှိသည့်အချိန်မှစတင်ကာ စိစစ်မှု များဆောင်ရွက်ပြီး နှစ်ပတ်အတွင်း ပြန်လည် လက်ခံသွားမည်ဟု ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် ဆွေးနွေးထားကြောင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုံးပိတ်ရက်ရှည် ဖြစ်နေသည့်အတွက် ရုံးပြန်ဖွင့်လှစ်သည့်  လာမည့်အပတ်တွင် မြန်မာနိုင်ငံဘက်သို့ အမြန်ဆုံးအကြောင်းပြန်ကြားပေးရန်လည်း ဆွေးနွေးထားကြောင်း၊ နှစ်နိုင်ငံသဘောတူ ညီချက်အရ လက်ခံသွားမည်ဖြစ်ကာ မြန်မာ နိုင်ငံမှအဆိုပြုထားသည့်   ၃၄၅ဝ ဦးကို သြဂုတ် ၂၂ ရက်တွင် စတင်လက်ခံရန် စီစဉ်ညှိနှိုင်းထားကြောင်း ပြောကြားသည်။

(သတင်းစဉ်)

Read 136 times Last modified on Monday, 19 August 2019 09:58