SJ WorldNews - шаблон joomla Авто

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်လာသည့် အတွက် ပြည်ထောင်စု အစိုးရ အနေဖြင့် AA ၊ TNLA ၊ MNDAA အဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် သတ်မှတ်ပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ လူထု အကျိုး

Saturday, 17 August 2019 10:42 font size decrease font size decrease font size increase font size increase font size

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို  ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျိုင်းတုံမဲဆန္ဒနယ်မှ    ဦးစတီဖန်က ''၂ဝ၁၉ ခုနှစ် သြဂုတ် ၁၅ ရက်  နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ   တပ်မတော်နည်းပညာတက္ကသိုလ်၊ ဂုတ်တွင်းလုံခြုံရေးစခန်း၊ တိုးဂိတ်များနှင့်  မူးယစ် ဆေးဝါး စစ်ဆေးရေးဂိတ်၊ နယ်မြေခံ တပ်ရင်း ဌာနချုပ်တစ်ခုတို့အား အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာရ၊ သေဆုံးမှုဖြစ်ပြီး အဆောက်အအုံ၊ ယာဉ်၊ စက်များနှင့် ဂုတ်တွင်း တံတား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသဖြင့်  အဆိုပါအကြမ်းဖက်  သောင်းကျန်းသူများ၏ လုပ်ရပ်များအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသူများအတွက် ကြေကွဲဝမ်းနည်းရပါကြောင်း'' အဆိုကို တင်သွင်းသည်။

 ဦးစတီဖန်က အဆိုတင်သွင်းရာတွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချို မြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့ အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်း ဌာနချုပ်တစ်ခုတို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်    လာရောက်နှောင့်ယှက် ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့်  ကနဦး သတင်းများအရ ပြင်ဦးလွင်တွင်  တပ်မတော်သား တစ်ဦးနှင့် အရာရှိ၏ ဇနီးတစ်ဦး ဒဏ်ရာ ရရှိပြီး အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးသည် ဟု ကြားသိရကြောင်း၊ ဂုတ်တွင်းရဲစခန်းနှင့် ကျောက်မဲအထွက် နောင်ချိုတိုးဂိတ်တွင် တပ်မတော်သား နှစ်ဦးကျဆုံးခဲ့ပြီး အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊  ဂုတ်တွင်းရဲစခန်း တွင် တပ်မတော်သားခုနစ်ဦးနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး  အရပ်သား ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်ဟု သိရှိ ရကြောင်း။

သေဆုံး၊ ဒဏ်ရာရစာရင်းများအနေဖြင့် အပြောင်းအလဲရှိနိုင်ကြောင်း၊ ပြင်ဦးလွင် မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏   အရှေ့ဘက်ခြမ်းမှ (၁ဝ၇ မမ) ရှော့ခ်တိုက်ဒုံးသီးများဖြင့်လည်း ကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါ တိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ် တို့ကို မော်တော်ယာဉ်တစ်စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသူနှစ်ဦးက  အာရ်ပီဂျီဖြင့် လည်းကောင်း၊    ဂုတ်တွင်းရဲစခန်း၊နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင်  တစ်ချိန်တည်း   တစ်ပြိုင်တည်း တိုက်ခိုက်ခံခဲ့ရ ကြောင်း၊ ပစ်ခတ်ရခြင်း မရှိသေးသည့် ဒုံးများကိုလည်း သိမ်းဆည်း ရမိကြောင်းသိရသည့် အတွက် ထိုဒုံးများအားလုံး ပစ်ခတ်နိုင်ပါက သေကျေပျက်စီးမည်မှာ မတွေးဝံ့နိုင်စရာပင် ဖြစ်ကြောင်း၊ ထို့ပြင် ဂုတ်တွင်းတံတားတွင် လည်း ယာဉ်များသွားလာ၍   မရတော့ အောင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်ဟု ကြားသိ ရကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေး လမ်းမကြီးဖြစ် သည့်   ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ယခုကဲ့သို့ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှု  သည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်အကျိုးစီးပွားတို့အတွက် များစွာ ထိခိုက်လာကြောင်း၊ တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို   တစ်ဖက်သတ် ကြေညာထားခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု များသည်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် များစွာထိခိုက်သည်ကို အားလုံးသိပြီးဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ စတင် တိုက်ခိုက်မှု မျိုးကို ရှောင်ရှားခဲ့ပြီး  ပြည်သူ လူထု၏   အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးရန်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ချိမှုများကို ဖော်ထုတ် ဖမ်းဆီးမှု လုပ်ငန်းများသာ  လုပ်ဆောင် လျက်ရှိသည်ဟု သိရကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ယခု အကြမ်းဖက်တိုက်ခိုက်မှုအား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွား ကိုမျှော်ကိုးပြီး လက်ရှိအစိုးရအပေါ် ပြည်သူ လူထုမှ ယုံကြည်ကိုးစားစေရန် ဆောင်ရွက် သင့်သည်ဟု ထင်မြင်ယူဆကြောင်း။

ယခုကဲ့သို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက်  ပြည်ထောင်စုအစိုးရအနေဖြင့်   AA ၊ TNLA ၊  MNDAA အဖွဲ့များအား   အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ်သတ်မှတ်ပြီး  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊   တရားဥပဒေစိုးမိုးရေး၊  ပြည်သူလူထုအကျိုးစီးပွားအတွက်  လိုအပ် သည့်  အမိန့်ညွှန်ကြားချက်များထုတ် ပြန်ဆောင်ရွက်ပေးနိုင်ရန်နှင့်   ထိခိုက် ဒဏ်ရာရသေဆုံးသူများအတွက် ကြေကွဲ ဝမ်းနည်းစွာအဆိုတင်သွင်းကြောင်း ပြောကြား သည်။

ထို့နောက် မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီ ကော်က ဦးစတီဖန်၏အဆိုကို ထောက်ခံ ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လွှတ်တော်ကမှတ်တမ်းတင် ကြောင်း ကြေညာသည်။

ယင်းနောက် ဗန်းမောက်မဲဆန္ဒနယ်မှ  ဦးကျော်စိုး၏ ဗန်းမောက်-ဝန်းသိုမြို့နယ် ချင်းဆက်လမ်းပေါ်တွင်ရှိသော အောင်သာ ကုန်းချောင်းကူးတံတား၊ ကန်တော်ရွာအနီး  သဲဖြူချောင်းကူးတံတားနှင့် မင်းကုန်းရွာအနီးချောင်းကူးတံတားများအား မည်သို့စီမံချက် ချမှတ်၍ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်  စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ကန်တော်ရွာအနီး  သဲဖြူချောင်းကူး တံတားတည်ဆောက်ရန်အတွက်(၁၂ဝx၁၄) ပေ သံကူကွန်ကရစ်တံတားတစ်စင်းအား   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝ  ဘဏ္ဍာနှစ် ရန်ပုံငွေလျာထားချက်တွင်ပါဝင် ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး   မင်းကုန်းရွာအနီး ချောင်းကူးတံတားလတ်တလောဆောင်ရွက် ပေးရန်မရှိကြောင်းနှင့်နယ်စပ်ဒေသဖွံ့ဖြိုးရေး  ငါးနှစ်စီမံကိန်းတွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ်မူတည်ပြီး   လုပ်ငန်းဦးစားပေး လျာထား ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော် ၏ မိုင်းရယ်မြို့နယ်အတွင်း လမ်းအပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ နှစ်အလိုက်ပြီးစီးရန်လျာထားချက်နှင့် အစီအစဉ်များ မည်ကဲ့သို့ရေးဆွဲချမှတ် ဆောင် ရွက်လျက်ရှိသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍   နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဗိုလ်ချုပ် သန်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသ၏ တင်ပြချက်အပေါ်လေ့လာစိစစ်ပြီး လိုအပ်သလို  ရန်ပုံငွေဆက်လက်တင်ပြလာပါက ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး  အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်မှစတင်ပြီး လုပ်ငန်းဦးစားပေး အစီအစဉ်ဖြင့် အပိုင်းလိုက်လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းတင်သွင်းသည့် ''သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီး လာမှုကြောင့် ၂ဝ၁၉ ခုနှစ် နွေရာသီတွင် ထူးခြားစွာဖြစ်ပေါ် ခဲ့သော ရာသီဥတုပြောင်းလဲလာမှုနှင့်အပူချိန် မြင့်တက်လာမှုဖြစ်စဉ်များကိုသုံးသပ်ပြီး  အနာဂတ်နိုင်ငံတော်နှင့်  နောင်မျိုးဆက် များအပေါ် ကောင်းမွန်သော ပတ်ဝန်းကျင် နှင့် အကျိုးစီးပွား ဖြစ်ထွန်းစေရေးတို့အတွက်    သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက် ပျက်စီးနိုင်သော အခြေအနေများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ပြီး  ပြန်လည် ထူထောင်အား ဖြည့်ခြင်းလုပ်ငန်း များအား   စနစ်တကျအရှိန်မြှင့်ဆောင် ရွက်ပေးပါရန်  ပြည်ထောင်စု အစိုးရအား  တိုက်တွန်းကြောင်း''အဆိုကို  လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက    ဆွေးနွေးကြ သည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမင်းဇာနည်ထွေးက အဆိုအပေါ် အကြံပြုဆွေးနွေးရာ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်ယွင်းမှုများ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူများက ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုလျော့ပါးစေရန် စနစ်တကျစီမံခန့်ခွဲရမည့်အကြောင်း တရားများဖြစ်သော လူဦးရေတိုးတက်မှု (Population Growth)၊ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်း  (Economic Activity)၊ ဆင်းရဲမွဲတေမှု (Poverty) တို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်လိုအပ်ကြောင်း၊ ဆန်းစစ်တွေ့ရှိထားကြကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများ၊ သဘာဝဘေးအန္တရာယ်များကို လျော့နည်းသွားစေသည့်   ကြားခံအကာ အကွယ်များမှာ သစ်တောများပင်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်ပြုန်းတီးမှုများသည် ရာသီဥတု ဖြစ်စဉ်များကို တိမ်းစောင်း စေရုံသာမက လူသားတို့၏    နေ့စဉ် နေထိုင်လုပ်ကိုင် စားသောက်မှု ဘဝအပေါ်တွင်လည်း ပြင်းထန်သော သက်ရောက်မှုများရှိကြောင်း၊ ထို့ကြောင့် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် တွင်ကျယ်စွာဆောင်ရွက်သွား ရမည်ဖြစ်ပြီး အထူးသဖြင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖြစ်မြောက်စေရန် ပြုစုပျိုးထောင်ခြင်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်

ပေးရန်လိုအပ်ကြောင်း။

မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးတွင်  တပ်မတော်အနေဖြင့်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးမည့် သစ်ပင်များ၏သက်တမ်းနှင့်အရွယ်အစားကို မှန်မှန်ကန်ကန်စိုက်ပျိုးရန်၊ စိုက်ပျိုးပြီးပါက ရှင်သန်အောင် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်မှု များ ပြုလုပ်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူး များအား မိမိတို့ပတ်ဝန်းကျင်ရှိ တပ်မတော် သားများနှင့် ဒေသခံပြည်သူများအား သိရှိအောင်ပြောကြားပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လမ်းညွှန်ချက် နှင့်အညီ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ရှိသည့်   ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မိသားစုဝင်များက မိုး ရာသီသစ်ပင် စိုက်ပျိုးပွဲတော်များကို နှစ်စဉ်အလေးထားစိုက်ပျိုးလျက်ရှိကြောင်း၊ သစ်ပင်အမျိုးအစားများ အနေဖြင့် ရတနာ တန်းဝင် သစ်ပင်များ၊ စက်မှုကုန်ကြမ်းသစ်ပင်များ၊ အရိပ်ရလေကာပင်များ၊   နှစ်တို နှစ်ရှည် သီးပင် စားပင်များ၊ ကမ်းရိုးတန်း ဒေသများတွင်  ဒီရေတော များကို စိုက်ပျိုးကြကြောင်း။

အလားတူ    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ရာသီဥတုကိုအထောက်အကူဖြစ်စေရန်၊ အရိပ် အာဝါသ ရရှိစေရန်၊ နိုင်ငံစီးပွားရေး အတွက်တစ်ဖက်တစ်လမ်းမှ    အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂ဝ၁၁ ခုနှစ်မှစတင်၍ နှစ်စဉ်မိုးရာသီ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးပွဲများကိုလည်းကျင်းပလျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် စိုက်ပြီးပစ်ထားလို့မရဘဲ ရှင်သန်အောင် ဂရုစိုက်ရမည်ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ တပ်မတော်တစ်ရပ်လုံး အနေဖြင့် စက်မှုကုန်ကြမ်းသစ်ပင်တစ်သန်း ကိုးသိန်းကျော်စိုက်ပျိုးခဲ့ပြီး တစ်သန်းငါးသိန်းကျော်ရှင်သန်ဖြစ်ထွန်းခဲ့ကြောင်း၊ ရတနာတန်းဝင်သစ်ပင် နှစ်သန်းခုနစ်သိန်းကျော် စိုက်ပျိုးခဲ့ပြီး နှစ်သန်းနှစ်သိန်းကျော်ရှင်သန်ဖြစ်ထွန်းခဲ့ကြောင်း၊ နှစ်ရှည်သီးနှံပင် နှစ်သန်း ကိုးသိန်းကျော် စိုက်ပျိုးခဲ့ပြီး နှစ်သန်းတစ်သိန်းကျော်ရှင်သန်ဖြစ်ထွန်းခဲ့ကြောင်း၊   အရိပ်ရလေကာပင် သုံးသန်း ကိုးသိန်းကျော် စိုက်ပျိုးခဲ့ပြီး နှစ်သန်းကိုးသိန်းကျော်ရှင်သန်ဖြစ်ထွန်းခဲ့ကြောင်း၊ စိုက်ပျိုးပင်စုစုပေါင်း  ၁၁ သန်းကျော်ရှိခဲ့ပြီး    ရှင်သန်ဖြစ်ထွန်းမှု ရှစ်သန်းကျော်ဖြစ်သဖြင့်    တပ်မတော်တစ်ရပ်လုံးစိုက်ပျိုးမှု၏ ၈ဝ ရာခိုင်နှုန်းခန့် ဖြစ်ထွန်း အောင်မြင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့နိုင်စေရန်အတွက်  နိုင်ငံတော်၊ တပ်မတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသခံပြည်သူလူထုများအနေဖြင့် အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်သင့် ကြောင်း အကြံပြုတင်ပြသည်။

ဆက်လက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း အကြံပြုဆွေးနွေးရာ ယနေ့သတင်းမီဒီယာများတွင် ကမ္ဘာကြီး ပူနွေးလာသည့် အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အယ်လ်နီညိုဖြစ်သည့်   နှစ်တွေ သာမက အခြားနှစ်များမှာ လည်း အပူချိန် ပိုမို မြင့်မားလျက်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ်တွင် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို ဥရောပထက် တောင်အာရှ ဒေသသည် ပိုမို ခံစားရကြောင်း၊ သစ်တောပြုန်းတီးမှုနှင့် အပူချိန် လွန်ကဲလာမှုက အာရှတိုက်၌ အဆိုးရွားဆုံး အနေအထား တစ်ခုအထိ ရောက်ရှိလာကြောင်း စသည့် ရာသီဥတု ပြောင်းလဲမှုများ ထုတ်လွှင့် ဖော်ပြနေမှုကို နေ့စဉ် ကြားသိမြင်တွေ့ နေကြရကြောင်း။မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်း ကျော်သည် ကျေးလက် ဒေသနေ ပြည်သူများဖြစ်ပြီး အိမ်ထောင်စု ၁၁ သန်းခန့်ရှိသည့်အနက် ၈၁ ရာခိုင်နှုန်း ခန့်မှာ လောင်စာအတွက် ထင်းနှင့် မီးသွေးကို အသုံးပြုလျက်ရှိပြီး နေအိမ် အဆောက်အအုံ အတွက် သစ်နှင့် ဝါးကို အသုံးပြုနေရဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ လူထု အတွင်း အနာဂတ်တွင်   သစ်တောကဏ္ဍ၏ အရေးပါမှုကို ကျယ်ကျယ် ပြန့်ပြန့် သိရှိ နားလည်စေရန် ရှင်းလင်း၊ ဆွေးနွေး၊ ပညာပေး ဟောပြောစည်းရုံးရန်၊  ထင်းသုံးစွဲမှု လျှော့ချရန်နှင့် လျှပ်စစ် မီးလိုအပ်ချက် ဖြည့်ဆည်းပေးရန်၊ နိုင်ငံတကာမှ အကူအညီ၊ နည်းပညာများ ရယူရန်နှင့် လိုအပ်သော ကျွမ်းကျင် ဝန်ထမ်း အင်အား တိုးမြှင့် ခန့်အပ် ပေးရန် ဆွေးနွေး လိုကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ အနေဖြင့် နိုင်ငံ့ဝင်ငွေ အတွက် နိုင်ငံ၏ သယံဇာတ အပေါ်တွင် အဓိက မှီခို အားထား ရကြောင်း၊ လက်ရှိအခြေအနေတွင်လည်း နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သစ်တော သယံဇာတများ အကန့်အသတ်ဖြင့် ထုတ်ယူ နေရဆဲဖြစ်ကြောင်း၊ သစ်တော သစ်ပင် ခုတ်လှဲမှုကို ယခင်ရော ယခုပါ စဉ်ဆက် မပြတ် ခုတ်လှဲ ထုတ်လုပ်နေ သကဲ့သို့ နောင်တွင်   ဆက်လက် ထုတ်လုပ်ရန် လျာထားမှုများ ရှိနေသည့် အတွက် သစ်တောသစ်ပင်အစားထိုးစိုက်ပျိုးရေး၊  ထိန်းသိမ်းရေး လုပ်ငန်းများကို အထူးအလေးထားရန်လိုအပ်ကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးခဲ့သည့် သစ်တောသစ်ပင်များနေရာတွင် အစားထိုးသစ်ပင်များစိုက်ပျိုးရေး၊ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်းမဟုတ်ဘဲ ရှင်သန်

ဖြစ်ထွန်းအောင် စိုက်ပျိုးရေး၊DRR လုပ်ငန်းစဉ်များ အောင်မြင်စေရန်   တာဝန်ယူမှု၊ တာဝန်ခံမှု ပါသော   ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်ရှိစေရေးနှင့် နှစ်တိုနှစ်ရှည်စီမံကိန်းများ ချမှတ် အကောင်အထည် ဖော်ရာတွင် အစိုးရကို သာတိုက်တွန်းနေရုံသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊   လူမှု အဖွဲ့အစည်းများ အားလုံး ပူးပေါင်း ပါဝင်သော ပြည်သူ တစ်ရပ်လုံးက ဆောင်ရွက်ရန်  လိုအပ်ကြောင်း  အကြံပြု ဆွေးနွေးသည်။

အဆိုနှင့် စပ်လျဉ်း၍    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက အဆိုကို အတည်ပြုသင့်ကြောင်း ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

မော်စီ၊ မွှေးကြူဇင်၊ ဇော်မျိုး(မြဝတီ)

Read 139 times Last modified on Monday, 19 August 2019 09:58