SJ WorldNews - шаблон joomla Авто

အရေးကြီးသည့် သွားထဲမှ အရေးကြီး ဆုံးသွား

Friday, 20 October 2017 10:16 font size decrease font size decrease font size increase font size increase font size

 ''လူ့ခန္ဓာကိုယ်၌ မည်သည့်အင်္ဂါအစိတ် အပိုင်းအရေးကြီးဆုံးလဲ'' ဟူသော မေးခွန်းကို တိကျစွာဖြေရန်အတော်ပင်ခဲယဉ်းလှသည်။ အင်္ဂါအစိတ်အပိုင်းအားလုံး အရေး ကြီးသည် သာဖြစ်သည်။ လက်မ၊ လက်ချောင်း ကလေးများကအစ သူ့နေရာအစိတ်အပိုင်းနှင့်သူ အရေးကြီးလေသည်။ ထို့အတူ လူတို့ နေ့စဉ် အစားအစာကြိတ်ဝါးနေရသော သွားများသည်လည်း အရေးကြီးသော လူ့ခန္ဓာ ကိုယ်အစိတ် အပိုင်းများပင် ဖြစ်သည်။

ယင်းအရေးကြီးသည့်သွားများထဲမှ အရေးကြီးဆုံးသွားမှာ ခြောက်နှစ်သားအရွယ်ခန့်၌ စတင်ပေါက်သော ပထမအံ သွားများပင် ဖြစ်သည်။ ယင်းသွားများကို အရေးကြီးဆုံးသွားများဟုပြောရသည်မှာ အစာများကို ကြိတ်ဝါးရာတွင် အဓိက ကျသည့်အပြင် လူတို့၏ ခံတွင်း၌ အများအားဖြင့် ပျက်စီးနေသည်ကိုတွေ့ရသောကြောင့်ဖြစ်သည်။

အခြားသွားများထက် ပထမအံသွားများက ပို၍ ပျက်စီးရခြင်းမှာ ကလေးသွားများ စတင်မလဲမီ ခြောက်နှစ်သား အရွယ်ခန့်ကပင် ပထမဆုံးပေါက်သည့် လူကြီးသွားဖြစ်သောကြောင့် လူကြီးသွား ၃၂ ချောင်းတွင် အစောဆုံး အစာကြိတ်ဝါး ပေးရပြီး အစောဆုံး ပျက်စီးခြင်းပင်ဖြစ်သည်။ ထို့ပြင် ငါးနှစ်ကျော် ခြောက်နှစ်သားအရွယ် မူလတန်း ကျောင်းနေခါစအရွယ်တွင် ပေါက်သော သွားဖြစ်သောကြောင့် အချိန်မှန်စနစ်တကျ သွားမတိုက်တတ် သေးသဖြင့် စောစော စီးစီး သွားပိုးစား၍ ပျက်စီးရခြင်းလည်း ဖြစ်သည်။

ယင်းပထမ အံသွားများသည် တစ်ကြိမ်တည်းသာ ပေါက်သော လူကြီးသွားများ ဖြစ်သဖြင့် ယင်းသွားများပျက်စီး၍ နုတ်ပစ်ရပါက ထိုနေရာတွင် တစ်သက်လုံးသွားပြန် မပေါက်တော့ချေ။ ထိုသို့ သွားတစ်ချောင်းကျိုးသွားပါက ယင်းကျိုးနေသော သွား၏ ရှေ့နှင့်နောက်ရှိ သွားများသည် လစ်လပ်နေသည့်နေရာသို့ ယိုင်လာတတ်သည်။ အလားတူပင် အပေါ်အံ သွားသည်လည်း ကျိုး၍လစ်လပ် နေသည့်နေရာသို့ ရှည်ကျလာတတ်သည်။

ထို့ကြောင့် သွားတစ်ချောင်းနုတ်ရပြီဆိုလျှင် အစာဝါးရာ၌ ဒုက္ခရောက်ရသည်သာမကအခြားသွားများကိုလည်း အခြေ ယိုင်၍ ပျက်စီးစေနိုင်လေသည်။

နုတ်လိုက်ရသောသွားနေရာ၌ အစားထိုး၍ သွားပြန်စိုက်မည် ဆိုပါကလည်း စိုက်သောသွားများသည် အတုသာဖြစ် သဖြင့် သဘာဝသွားကို မည်သို့မျှမမီနိုင်ချေ။ ထို့ကြောင့် သွားများကို မနုတ်ရလျှင် အကောင်းဆုံးပင်ဖြစ်သည်။ သွားမနုတ် ရရန်အတွက် အရေးကြီးဆုံးမှာ သွားပိုးစားရောဂါနှင့်သွားဖုံးရောဂါမဖြစ်အောင် ခံတွင်းသန့်ရှင်းစွာ ထားတတ်ဖို့ အဓိကလိုအပ်သည်။ တစ်နေကုန် အစားမျိုးစုံစားထားသောသွားများကို တစ်နေ့လျှင်  အနည်းဆုံး အိပ်ရာ ဝင်နှင့် အိပ်ရာထနှစ်ကြိမ်မျှလောက်တော့ သွားတိုက်သင့်သည်။

ထိုသို့ ကာကွယ်မှုပြုရုံသာ မကသေးဘဲ သွားကျဉ်၊ သွားကိုက်၊ သွားဖုံးသွေးယို လာသည်နှင့် ကျွမ်းကျင်သည့် သွားဘက်ဆိုင်ရာ ဆရာဝန်ထံပြသပြီး ကုသမှုကိုလည်း ခံယူရမည်ဖြစ်သည်။ သွားကိုက်သည်ကို အကိုက် အခဲ ပျောက်ဆေးသောက်ခြင်း၊ ဆေးထိုးခြင်း ဖြင့်သက်သာသွားရုံနှင့်မပြီးချေ။ တိုင်းရင်းဆေးများ၌လည်း အစွမ်းထက် သောသွား ကိုက်ပျောက်ဆေးများစွာရှိသည်။ သို့ရာတွင်ဆေးထည့်၍သွားကိုက်ပျောက်သွားသည်မှာ သွားပိုးစား ရောဂါ ပျောက်သွားခြင်း မဟုတ်ချေ။ သွားကိုက်ရသည့်အကြောင်းရင်းကို စစ်ဆေးရမည်ဖြစ်သည်။ သွားပိုးပေါက် ရှိ၍ သွားကိုက်ပါက ယင်းသွားပိုးပေါက်ကို ဆေးကုသပြီး စနစ်တကျပြုပြင် ဖာပေးရမည်ဖြစ်သည်။ အကယ်၍ သွားပိုးပေါက်ကို စနစ်တကျမဖာဘဲ သွားကိုက်သက်သာသွားသည် နှင့်ပစ်ထားပါက အစာများဝင်ပြီး သွားပြန် ကိုက်လာမည်ဖြစ်သည်။ သွားကျဉ်၊ သွားနာစဉ်ကပင် စနစ်တကျပြုပြင် ဖာထားလိုက်ပါက နောက်ထပ် နှစ်ပေါင်း များ စွာပင် မိမိပင်ကို သဘာဝသွားကို   ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

သွားကိုက်သူများသည် အများအားဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးအမျိုးမျိုးကို စမ်းသပ်ထည့်တတ်ကြသည်။ သွားဘက်ဆိုင်ရာ ဆရာဝန်များထံသွားရမည်ကို ကြောက်ကြသည်။ အင်ဂျင်စက်ဖြင့် သွားကိုထွင်၍ သွားဖာ သည်ကို ပို၍ ကြောက်ကြသည်။ ထိုသို့ မကြောက်သင့်သည်ကို တွေး၍ကြောက်နေကြသဖြင့် မနုတ်သင့်သော သွားများ နုတ်ပစ် ရသောအခြေအနေသို့ ရောက်ရသည်။ အချို့လူနာများက ''သွားကိုက်လာရင်တော့ ဒုက္ခ ခံမနေဘူး နုတ်ပစ်လိုက်တာပဲ''ဟု ပေါ့ဆစွာပြောတတ်ကြသည်။ ထိုသူများမှာ သွားကိုက်တိုင်း နုတ်ပစ်သဖြင့် အစာကြေညက် အောင်မဝါးနိုင်ဘဲ အစာအိမ် ရောဂါရကြသည်။ သွားတစ်ချောင်း နုတ်ရသည်မှာ ကိုယ် ခန္ဓာအစိတ် အပိုင်းတစ်ခုကို ဖယ်ရှားလိုက်ရ ခြင်းဖြစ်သဖြင့် လက်ချောင်းလေးတစ်ချောင်း ဖြတ်ပစ်ရမည်ကို စိုးရိမ်သကဲ့သို့ သွားတစ်ချောင်းမနုတ်သင့်ဘဲ နုတ်ရသည့်အဖြစ်သို့ရောက်သွားမည်ကိုလည်း စိုးရိမ်သင့်သည်။

ထို့ကြောင့် သွားများနုတ်ပစ်ရသော အခြေအနေသို့ မရောက်ရန်အတွက် အောက်ပါ အချက်များကို ဂရုပြုဆောင် ရွက်ရပါမည်။

(၁) လူကြီးသွား စတင်ပေါက်သည့် ခြောက်နှစ်အရွယ် ခန့်မှစ၍ သွားများကိုပိုမို ဂရုစိုက်ပြီး စနစ်တကျ သွား တိုက်ပေးပါ။

(၂) သရေစာ၊ စေးကပ်သောအချိုစာနှင့် အချိုရည်များ မကြာခဏစားသောက်ပါက သွားပျက်စီးတတ်သဖြင့် သတိပြု ရှောင်ကြဉ်ပါ။

(၃)     သွားပိုးပေါက်ရှိသည်ကို သိသည်နှင့်  သွားဘက်ဆိုင်ရာဆရာဝန်ထံ အမြန်ဆုံးပြသပြီး ကုသမှုနှင့်ပြုပြင်မှုကို ခံယူပါ။

( ၄)    သွား၊ သွားဖုံးနှင့် ခံတွင်း သန့်ရှင်းမှုရှိ၊ မရှိကို သွားဘက်ဆိုင်ရာ ဆရာဝန်ထံတွင် အနည်းဆုံးခြောက်လ တစ်ကြိမ် စစ်ဆေးကြည့်ပါ။   

ဆောင်းပါးရှင်- ဒေါက်တာမောင်

Read 56 times Last modified on Friday, 20 October 2017 10:19