SJ WorldNews - шаблон joomla Авто

မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ် ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Saturday, 12 August 2017 09:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၁

မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပသည်။

ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊သံတမန်များ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ စာတမ်းရှင်များ၊ ပါဝင် ဆွေးနွေးသူများ၊ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြား သည်။ ယင်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition )၏ ကမ္ဘာလုံးဆိုင်ရာ ရှုမြင်သုံးသပ်ခြင်း ကဏ္ဍ မူဘောင် ချမှတ်ခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် စာတမ်းရှင်များ ဖြစ်ကြသည့် လူသားချင်းစာနာ ထောက်ထားရေး ဆိုင်ရာ ဗဟိုနှီးနှော ဖလှယ်ပွဲ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Michael Vatikiotis နှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Renata Nicola Lok Dessallien တို့က ကမ္ဘာလုံးဆိုင်ရာ ရှုမြင်သုံးသပ်ခြင်း ကဏ္ဍ မူဘောင်ချမှတ်ခြင်း ခေါင်းစဉ်နှင့် စပ်လျဉ်း၍ စာတမ်းများကို  ဖတ်ကြားရှင်းလင်း ဆွေးနွေးကြသည်။

လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဗဟိုနှီးနှော ဖလှယ်ပွဲ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr.Michael Vatikiotis က စိန်ခေါ်မှု အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ မူဝါဒများကို သေချာချမှတ်ရန် လိုကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးတွင် isolation အနေဖြင့် နေထိုင်ခဲ့ကြောင်း၊ ပဋိပက္ခသည်လည်း ဆယ်စုနှစ်များစွာ ဖြစ်ခဲ့ကြောင်း၊ World Bank အနေဖြင့် အသွင်ကူးပြောင်းရေးကို Commitment-Coordination နှင့် Cooperation ဟူသော သုံးချက်ပေါ်တွင် မူတည် ဆုံးဖြတ်ကြောင်း၊ အရှေ့တောင် အာရှတွင် စီးပွားရေးနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးမှုသည် စိန်ခေါ်မှုပင် ဖြစ်ကြောင်း၊ သဘောတူညီမှု ခိုင်မာပြီး တည်ငြိမ်မှု ရှိရမည် ဖြစ်ကြောင်း၊ လုံခြုံမှုလည်း ရှိရမည် ဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှု သည်လည်း အရေးကြီးကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်သည့် အသွင်ကူးပြောင်းမှု ဆိုသည်မှာ လူမှုဝန်းကျင်တွင် အာဏာကို မည်သို့ ခွဲဝေမည်ပင် ဖြစ်ကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အသွင်ကူး ပြောင်းမှုသည် နှစ် ၂ဝ ကြာကြောင်း၊ အာဏာကို ဗဟိုချုပ်ကိုင်မှု လျှော့ချရန် လိုကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းမှုတွင် အောင်မြင်မှုသည် တရားဥပဒေ စိုးမိုးရေးပင် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို အားလုံး ညီညီမျှမျှ ဆောင်ရွက်နိုင်အောင် ဥပဒေများကို ပြဋ္ဌာန်းရန် လိုကြောင်း ပြောကြားပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် အဓိက တာဝန်များကို ဆွေးနွေးသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Renata Nicola Lok Dessallien က မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးအတွက် ကျယ်ကျယ် ပြန့်ပြန့်ဖြင့် ဘက်ပေါင်းစုံက ခြုံငုံဆွေးနွေး တင်ပြကြရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းသည့် ကာလတွင် မိမိတို့ ပြည်တွင်းတွင် မည်သို့ ဆောင်ရွက် နေသည်များကို နိုင်ငံတကာ အသိုက်အဝန်းက နားလည်အောင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဆိုသည်မှာ အဓိပ္ပာယ် အမျိုးမျိုး ရှိကြောင်း၊ ဂရိများက စတင်စမ်းသပ်ကျင့်သုံးခဲ့ကြောင်း၊ ၂၁ ရာစုတွင် ဒီမိုကရေစီနှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုမှုသည် ကျယ်ပြန့်လာကြောင်း၊ အစိုးရကို ပြည်သူများက ရွေးကောက်ပြီး အစိုးရကလည်း ပြည်သူများအတွက် အလုပ်လုပ်သည် ဆိုသည်အထိ ဖြစ်လာကြောင်း၊ အားလုံးသာ တူညီမျှ ပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်သည့် အနေအထားဖြစ်လာကြောင်း၊ လက်ရှိ ဒီမိုကရေစီကို ကျင့်သုံးရာတွင် သာတူညီမျှရှိမှု၊ တရားမျှတမှု၊ လွတ်လပ်မှု ဆိုသည့် တန်ဖိုးများ ပါဝင်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် ချမှတ်ထားသည့် တန်ဖိုးများသည် ခိုင်မာနေသည့် အတွက် မလိုက်နာပါက ကွာဟမှုများသည် ထင်ထင်ရှားရှား မြင်လာရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကျင့် သုံးနေမှု ပြည့်ဝခြင်းရှိ၊ မရှိကို မြင်ရမည် ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးတွင် လွတ်မြောက်မှု မရှိသော ဒီမိုကရေစီ သို့မဟုတ် ဒီမိုကရေစီ အဓိပ္ပာယ် ပြည့်ဝမှု မရှိသော ဒီမိုကရေစီ ဟူ၍ အကောင်အထည် ဖော်နေသည် များလည်း ရှိတတ်ကြောင်း၊ ဒီမိုကရေစီကို အကောင်အထည် ဖော်နေသည့် နိုင်ငံများတွင် ဒီမိုကရေစီ၏ အနှစ်သာရ ပြည့်ဝမှု ဆိုသည့် အရည်အသွေးပိုင်းကို ဦးတည် လာကြကြောင်း ပြောကြားပြီး ကမ္ဘာ့နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရယူနိုင်သည့် သင်ခန်းစာများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် မျက်နှာစုံညီ ဆွေးနွေးမှု အစီအစဉ်တွင် သဘာပတိအဖြစ် ရန်ကုန် တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာနမှူး ပါမောက္ခ ဒေါ်ချောချောစိန်က ဆောင်ရွက်ပြီး အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Vikram Misri၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးနှင့် PA and FMI ဥက္ကဋ္ဌ ဦးသိမ်းဝေတို့က မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာ ရှုမြင် သုံးသပ်ချက် များအပေါ် ဆွေးနွေးကြသည်။

ဆက်လက်၍ တက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေး သူများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်သုံးသပ် ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) ၏ တပ်မတော်အုပ်ချုပ်ရေး စနစ်မှ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ နိုင်ငံရေး အကူးအပြောင်းကဏ္ဍ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဆက်လက် ကျင်းပသည်။

ဆွေးနွေးပွဲတွင် စာတမ်းရှင်များ ဖြစ်ကြသည့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) Mr. Agus Widjojo နှင့် ဂျာမနီနိုင်ငံ Ruprecht-Karls-Universitat, Heidelberg မှ ပါမောက္ခ Dr. Aurel Croissant တို့က တပ်မတော် အုပ်ချုပ်ရေးစနစ်မှ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ နိုင်ငံရေးအကူးအပြောင်း ခေါင်းစဉ်နှင့် စပ်လျဉ်းသည့် စာတမ်းများကို ဖတ်ကြားကြသည်။

ယင်းနောက် မျက်နှာစုံညီ ဆွေးနွေးမှု အစီအစဉ်တွင် သဘာပတိအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ ဗိုလ်မှူးကြီးအောင်မြင့်ဦးနှင့် Myanmar Institute of Peace and Security Studies မှ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမမျိုးတို့က မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တပ်မတော်အုပ်ချုပ်ရေး စနစ်မှ အရပ်သား အုပ်ချုပ်ရေး စနစ်သို့ နိုင်ငံရေး အကူးအပြောင်း ကဏ္ဍအပေါ် ဆွေးနွေးကြသည်။

ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီး အောင်မြင့်ဦးက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အကူးအပြောင်း ကာလအတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံသည် စစ်ဘက်-အရပ်ဘက် အကူးအပြောင်းကို ထိခိုက်မှု အနည်းဆုံးဖြင့် ညင်သာစွာ ကူးပြောင်း နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ထူးခြားသည့် အခြေအနေအဖြစ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများစွာ တည်ရှိနေကြောင်း၊ အချို့ အင်အားစု များသည် အချို့တိုင်းပြည်များ၏ တပ်မတော် အင်အားမျှ ရှိနေကြောင်း၊ ထို့ကြောင့် အားလုံးက ညီညီညွတ်ညွတ် အဖြေရှာသွား ရမည်ဖြစ်ကြောင်း။ တည်ငြိမ်မှုရှိရန်၊ လုံခြုံမှုရှိရမည် ဖြစ်ကြောင်း၊ ထို့အတူ လုံခြုံမှုရှိ ရန်အတွက် တည်ငြိမ်မှု ရှိရမည် ဖြစ်ကြောင်း၊ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုများ ရှိနေလျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဟန့်အတားများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့အတူ အခြားကဏ္ဍများ ဆောင်ရွက်ရန်အတွက် အခက်အခဲများ ရှိနိုင်ကြောင်း၊ မည်သည့် ကဏ္ဍအား ဦးစားပေး ဆောင်ရွက်ရမည်ကို စဉ်းစား ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် ကိုက်ညီသည့် သီအိုရီကို ရွေးချယ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် ကိုက်ညီမည့် ဒီမိုကရေစီ ပြောင်းလဲမှုနှင့် နိုင်ငံတည်ဆောက်ရေးကို ရွေးချယ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေး သူများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။

Read 128 times Last modified on Saturday, 12 August 2017 09:06