SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သီလဝါ အထူးစီးပွားရေးဇုန် လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Saturday, 12 August 2017 08:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၁

မြန်မာအထူး စီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့  ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ သီလဝါ အထူးစီးပွားရေး ဇုန်ရှင်းလင်းဆောင်၌ ဒုတိယ သမ္မတအား Myanmar Japan Thilawa Development Limited ဦးသိန်းဟန်၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ Myanmar Japan Thilawa SEZ Holdings Public Co., Ltd. (MTSH) မှ ဥက္ကဋ္ဌဦးဝင်းအောင်နှင့် Myanmar Japan Thilawa Development Co., Ltd. (MJTD) ဒုတိယဥက္ကဋ္ဌ ဦးသူရိန်အောင်တို့က သီလဝါ အထူးစီးပွားရေးဇုန် အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက မြန်မာနိုင်ငံသည် စီးပွားရေးနှင့် ပတ်သက်ပြီး ပထဝီ အနေအထားအရ မဟာဗျူဟာကျသည့် နေရာတွင် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သီလဝါ အထူးစီးပွားရေးဇုန်သည် အောင်မြင်သည့် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် ဇူလိုင်လကုန်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၁၄၄ ဒသမ ၆၆ ရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ယခင်ကထက် ပိုမို ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်ကို စံပြစီးပွားရေးဇုန်ဖြစ်အောင် ဆက်လက် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုးချဲ့တည်ဆောက်မည့် လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး စီမံထားရန် လိုအပ်ကြောင်း ပြောကြားပြီး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများသည် သီလဝါ အထူးစီးပွားရေးဇုန်ရှိ One Stop Service Center အတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ သီလဝါ အထူး စီးပွားရေးဇုန်ရှိ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည့် Ball Asia Pacific (Yangon) Metal Container Limited နှင့် ACECOOK MYANMAR CO., LTD. စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကုန်ပစ္စည်း ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ရင်းနှီး မြှုပ်နှံသူများအကြား စိတ်ဝင်စားမှု များပြားခဲ့သည့် သီလဝါ အထူး စီးပွားရေးဇုန် (A)၏ အောင်မြင်မှုကြောင့် ဇုန်(B)ကို ဆက်လက် တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု တိုးချဲ့လိုက်သည့် ဇုန်(B)၏ ပထမ အဆင့်သည် ၁ဝ၁ ဟက်တာ (ဧက ၂၅ဝ)ရှိပြီး ၂ဝ၁၈ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကာ အချို့မြေနေရာများကိုမူ ၂ဝ၁၇ ခုနှစ် နှောင်းပိုင်းခန့်တွင် ရင်းနှီးမြှုပ်နှံမည့် သူများကို စတင် ငှားရမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန်တွင် နိုင်ငံပေါင်း၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၇ ခုနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၈၄ ခုမှာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရရှိပြီး ကုမ္ပဏီ ၆၉ ခုမှာ စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ အနက် ကုမ္ပဏီ ၃၂ ခုမှာ စီးပွားဖြစ် စက်ရုံလည်ပတ်လျက် ရှိကြောင်းသိရသည်။

Read 25 times Last modified on Saturday, 12 August 2017 09:14