SJ WorldNews - шаблон joomla Авто

''ဝ'' အထူးဒေသ(၂)နှင့် မိုင်းလား အထူးဒေသ(၄)သို့ ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်

Tuesday, 14 November 2017 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    နိုဝင်ဘာ    ၁၃

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန် အတွက် နိုဝင်ဘာ ၁ဝ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ  လေကြောင်းခရီးဖြင့် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာပြီး ပန်ဆန်းမြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိကြရာ ''ဝ'' အထူးဒေသ(၂) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း ဦးဆောင်သော  တိုင်းရင်းသား ခေါင်းဆောင်များက  ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်ဆန်းမြို့ ''ဝ'' အထူးဒေသ(၂) အစည်းအဝေးခန်းမ၌ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီလျန် ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ် အေးချမ်းသာယာရေး၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ''ဝ''အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မီ လျန်ထံ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပန်ဆန်းမြို့ရှိ ပံသုသိင်္ဂီစေတီတော်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး မဟာဝန် ဘုန်းတော်ကြီးကျောင်း၌ ပန်ဆန်းမြို့ပေါ်ရှိ  ဘုန်းတော်ကြီးကျောင်းများမှ  ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပန်ဆန်းမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ၍   နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်ဆန်းမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး ပန်ဆန်း-မိုင်းပေါက်-မိုင်းယန်း-ဆီလူး- မိုင်းလားလမ်း တစ်လျှောက် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်းလားမြို့သို့ ရောက်ရှိကြပြီး မိုင်းလားအထူးဒေသ(၄) အစည်းအဝေးခန်းမ၌ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ် အေးချမ်းသာယာရေး၊  ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မိုင်းလားအထူးဒေသ(၄)ရှိ ဒွေနဂရစေတီတော်နှင့် ရဟန်းသံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောင် ပြန်လည်မွမ်းမံရန် အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်    ငြိမ်းချမ်းရေး ဗဟိုဌာနက  လှူဒါန်းငွေ ကျပ်သိန်း ၇ဝဝ ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့က  မိုင်းလားအထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်းထံ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက တိုင်းရင်းသား ခေါင်းဆောင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက်  နံနက်ပိုင်းတွင် မိုင်းလားမြို့ ဒွေနဂရစေတီတော်သို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး  မိုင်းလားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့သို့ရောက်ရှိစဉ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများသို့  သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။                       

(သတင်းစဉ်)

Read 74 times Last modified on Tuesday, 14 November 2017 09:43