SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi အားလက်ခံ တွေ့ဆုံ

Monday, 20 November 2017 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လဲလှယ်ပွဲကို ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မ တနိုင်ငံ၊ နိုင်ငံ ခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့ရှေ့မှောက်၌ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေး စီမံကိန်း သဘောတူညီချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang တို့ကလည်းကောင်း၊ ဆင်းရဲမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း သဘောတူညီချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang တို့ကလည်းကောင်း၊ အမျိုးသားအား ကစားရုံ(၁) ပြုပြင်မွမ်းမံမည့် စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ သဘောတူညီချက်ကို ကျန်းမာရေးနှင့် အားက စား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang တို့ကလည်းကောင်း အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် ရန်ကုန်မြို့၌ တည်ဆောက်ထားသည့် တရုတ်ယဉ်ကျေးမှု ဗဟိုဌာန ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi တို့က ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့က နှစ်နိုင်ငံ ပူးတွဲသတင်းစာ ရှင်းလင်း ပွဲကို ကျင်းပသည်။

သတင်းစာ ရှင်းလင်းပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး H.E. Mr. Wang Yi အား M- Gallery Sofitel ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ တွေ့ဆုံပွဲ၊ သဘောတူညီချက်များ လဲ လှယ်ပွဲနှင့် နေ့လယ်စာစားပွဲတို့သို့ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read 52 times Last modified on Monday, 20 November 2017 09:40