SJ WorldNews - шаблон joomla Авто

၂ဝ၁၆ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆု ပေးအပ် ချီးမြှင့်ပွဲ ကျင်းပ

Monday, 20 November 2017 10:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၉

၂ဝ၁၆ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပရာ ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားပြီး အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူများကို ဆုများပေးအပ် ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဆုရွေးချယ်ရေး ကော်မတီများ၊ ဆုရစာပေ ပညာရှင်ကြီးများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် စာပေဆိုင်ရာ ဆုချီးမြှင့်ပွဲသည် မြန်မာစာပေ သက်တမ်းတစ်လျှောက်တွင် ရှင်သန်ခိုင်မာနေသည့် စာပေဆုချီးမြှင့် ခြင်း အစဉ်အလာကောင်းများ ဆက်လက် ရှင်သန်ရန် တည်မှီရာ ပွဲတစ်ခုဖြစ်ကြောင်း၊ စာပေကိုအကြောင်း ပြုပြီး ပြုလုပ်သည့်ပွဲများ အစဉ်အလာအတိုင်း မြန်မာသက္ကရာဇ် နတ်တော်လဆန်း ၁ ရက်တွင်ကျရောက်သည့် စာဆိုတော်နေ့နှင့် ယင်းနေ့ရက်ဝန်းကျင်များတွင် စာပေပွဲလမ်း သဘင်များကို ကျင်းပလေ့ရှိကြောင်း၊ ယခင်ကဆိုလျှင် စာရေးဆရာများ ကိုယ်တိုင်ပါဝင်သည့် ပြဇာတ်ကပြခြင်း၊ ဂီတဖျော်ဖြေပွဲများ ပြုလုပ်ခြင်းတို့ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းကို စာပေမှတ်တမ်းများတွင် တွေ့ရှိရကြောင်း၊ ယနေ့စာပေ ဆုချီးမြှင့်ပွဲကို လည်း ယခင်က အခြေခံကောင်း၊ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆက်ခံပြီး အချိန်အခါနှင့် ညီညွတ်စွာ ကျင်းပနေခြင်းဖြစ်၍ သဘာဝကျကျ ကျက်သရေရှိသည့်ပွဲဟု ပြောရမည်ဖြစ်ကြောင်း။

မြန်မာစာပေ သမိုင်းကိုကြည့်လျှင် မိမိတို့ မြန်မာစာပေသည် လွန်ခဲ့သည့်နှစ်ပေါင်း ၉ဝဝ ကျော် ပုဂံခေတ်ကတည်းက စတင်ကာ ခိုင်ခိုင်မာမာ တည်ရှိခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်ကြောင်းကို လေ့လာသိရှိရလိမ့်မည် ဖြစ်ကြောင်း၊ ဂူပြောက်ကြီး ဘုရားဟု ခေါ်သည့် မြစေတီ ဘုရားကျောက်စာတွင် ပျူ၊ မြန်မာ၊ မွန်၊ ပါဠိဘာသာ စကားလေးမျိုးနှင့် ရေးထိုးထားခြင်းကို တွေ့ရမည် ဖြစ်ကြောင်း၊ ယင်းမှာ မြန်မာစာပေအစ ဟု ပြောနိုင်မည့် ခိုင်မာသော သမိုင်းအထောက်အထား တစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းနောက် ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည့်ခေတ်အဆက်ဆက်မှသည် ယနေ့မျက်မှောက် ခေတ်ကာလအထိ မိမိတို့ မြန်မာစာပေသည် ဆက်လက်ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ သူ့ခေတ်သူ့အခါ အလျောက် စာပေလက်ရာ ကောင်းများလည်း ပေါ်ထွန်းခဲ့ကြောင်း။

စာပေဗိမာန်၏ မူလအစဖြစ်သည့် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကို ၁၉၄၇ ခုနှစ် သြဂုတ် ၂၆ ရက်က စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ် မေလတွင် အသင်း၏အမည်ကို စာပေဗိမာန်ဟု ပြောင်းလဲခေါ်ဝေါ် သုံးစွဲခဲ့ပြီး ဆောင်ပုဒ်မှာ ''အမှောင်ခွင်း ၍ အလင်းဆောင်အံ့''ဖြစ်ကြောင်း၊ ထိုနှစ်မှာပင် စာပေဗိမာန် စာပေဆုချီးမြှင့်ရန် စတင်စီစဉ်ခဲ့ကြောင်း၊ စာပေဗိမာန် အုပ်ချုပ်မှု ကောင်စီသည် ၁၉၄၈ ခုနှစ်ကစပြီး တစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် လုံးချင်းဝတ္ထုများထဲက အကောင်းဆုံးတစ်အုပ် ရွေးချယ်ပြီး စာပေဗိမာန်ကာလပေါ် ဝတ္ထုဆုအမည်ဖြင့် ဆုငွေကျပ် ၁ဝဝဝ ချီးမြှင့်ခဲ့ကြောင်း၊ ပထမဆုံး စာပေဆုရှင်သည် ဆရာမင်းအောင်ဖြစ်ပြီး မိုးအောက်မြေပြင် ဝတ္ထုရှည်နှင့် ဆုရခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၉ ခုနှစ်တွင် ဆုချီးမြှင့်နိုင်ခြင်းမရှိဘဲ ၁၉၅ဝ ပြည့် နှစ်တွင် ဆရာတက်တိုး ရေးသားသည့် မင်းမှုထမ်းဝတ္ထုကို ချီးမြှင့်ခဲ့ကြောင်း၊ ထိုကဲ့သို့ချီးမြှင့်ခဲ့ရာမှ ၁၉၆၂ ခုနှစ်တွင် စာပေဗိမာန် စာပေဆုကို အနုပညာဆိုင်ရာ စာပေဆုဟု အမည်ပြောင်းခဲ့ပြီး ဘာသာရပ်ကိုးမျိုးအထိ ချဲ့ထွင်ချီးမြှင့်ခဲ့ကြောင်း၊ ၁၉၆၃ ခုနှစ်တွင် ပုံနှိပ်ပြီးစာအုပ်နှင့် ပုံနှိပ်ရခြင်း မရှိသေးသည့် လက်ရေးစာမူတို့ ပူးတွဲပြိုင်ပွဲဝင်ရသည့် စနစ်ကျင့်သုံးခဲ့ကြောင်း၊ ထိုမှတစ်ဖန် အဆိုပါဆုကိုပင် ၁၉၆၅ ခုနှစ်တွင် အမျိုးသားစာပေ ဆုဟု ပြောင်းလဲသတ်မှတ် ချီးမြှင့်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ်တွင် ပြိုင်ပွဲဝင် ယှဉ်ပြိုင်ရသည့်စနစ်ကို ဖျက်သိမ်းပြီး ပြက္ခဒိန် နှစ်တစ်နှစ်အတွင်း ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့သည့် စာအုပ်များထဲက ဘာသာရပ်အလိုက် အကောင်းဆုံး တစ်အုပ်ကိုပင် ရွေးချယ်ဆုပေးသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ စာမူများအတွက် စာပေဗိမာန် စာမူဆုဟု ပြောင်းလဲသတ်မှတ် ချီးမြှင့်ခဲ့ကြောင်း။

အမျိုးသား စာပေဆုကိုချီးမြှင့်ရာတွင် ဘာသာရပ်များ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ချီးမြှင့်လာခဲ့ပြီး ယခုဆိုလျှင် ဘာသာရပ် ၁၆ မျိုးအထိ ရှိလာပြီဖြစ်ကြောင်း၊ စာပေဗိမာန်စာမူဆု ပြိုင်ပွဲအတွက်လည်း အမျိုးသား စာပေဆုကဲ့သို့ ဘာသာရပ်များကို တိုးချဲ့ ချီးမြှင့်ခဲ့ရာ ယခုဆိုလျှင် ဘာသာရပ် ၁၃ ခုအထိ ရှိလာပြီဖြစ်ကြောင်း။

ထို့ပြင် တစ်သက်တာလုံး ထူးချွန်ပြောင်မြောက်စွာ အားထုတ်ရေးသား ပြုစုခဲ့သည့် စာပေသမားများ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့် အနေဖြင့် အမျိုးသား စာပေတစ်သက်တာဆုကို၂ဝဝ၁ ခုနှစ်ကစပြီး နှစ်စဉ်ပေးအပ် ချီးမြှင့် ခဲ့ကြောင်း၊ ၂ဝဝ၁ ခုနှစ်မှ၂ဝ၁၁ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုကို တစ်နှစ်လျှင် စာပေပညာရှင် တစ်ဦးကိုသာ ရွေးချယ်ချီးမြှင့်ခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်မှ စ၍ ပညာရှင်သုံးဦးအထိ တိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း၊ ယခု ၂ဝ၁၆ ခုနှစ်အတွက်လည်း သုံးဦးချီးမြှင့်ထားကြောင်း။

စာပေဆုများကို ရွေးချယ်ရာတွင် ဒီမိုကရေစီခေတ်နှင့်အညီ အမှန်တကယ် ရသင့်သည့် စာအုပ်များ၊ စာမူများကို ရွေးချယ်နိုင်ရန် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း၊ စာပေဆု ရွေးချယ်ရေး အဖွဲ့ဖွဲ့စည်းရာတွင်လည်း စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပ ညာရှင်များ သာမက စာပေလောကထဲတွင် အတွေ့အကြုံရှိသည့် စာပေထုတ်ဝေ ဖြန့်ချိသူများကိုပါ ပါဝင်ဖွဲ့စည်း ဆောင်ရွက်စေခဲ့ကြောင်း၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို ပညာရှင် ၇၇ ဦးဖြင့် ဖွဲ့စည်းပေးထားပြီး စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ကိုမူ ပညာရှင် ၂၈ ဦးဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ စာပေဆုများအတွက် စိစစ်ရွေးချယ်ရာတွင်လည်း ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဆိုသည့် အဆင့်သုံးဆင့်ဖြင့် စနစ်တကျစိစစ် ရွေးချယ်ခဲ့သည်ကို တွေ့ ရကြောင်း။

၂ဝ၁၆ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၉၆၆ အုပ်ထဲမှ အမျိုးသားစာပေ ဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၆ ခုအနက် ၁ဝခု၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင်စာမူ ပေါင်း ၂၉၂ စောင်ထဲက သတ်မှတ် ထားသည့် ဘာသာရပ် ၁၃ ခုအနက် ဆုချီးမြှင့်ရန် ထိုက်တန်သည့် စာမူပေါင်း ၂၆ စောင်ကိုရွေးချယ်ခဲ့ကြောင်း။

ယနေ့ ၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရရှိသည့် စာရေးဆရာ စာပေပညာရှင် သုံးဦး ပေါ်ထွက်လာသည်ကို တွေ့ရကြောင်း၊ အဆိုပါ စာပေပညာရှင်ကြီးများသည် မိမိဘဝကို စာပေထဲတွင် နစ် မြုပ်ပြီး စာရေးဆရာ ဘဝတစ်ခုတည်း ကိုသာ ယုံယုံကြည်ကြည် ရွေးချယ်ခဲ့ကြသည့်သူများ ဖြစ်ကြကြောင်း၊ အမျိုးသား စာပေဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များကို ကြည့်မည်ဆိုလျှင်လည်း အမျိုးသားစာပေဆု နှင့် ထိုက်တန်သည့်သူများ၊ ထိုက်တန်သည့် စာအုပ်များ ဖြစ်ကြောင်း ဆုရွေး ချယ်ရေး အဖွဲ့၏ သုံးသပ်ချက် များအရ တွေ့ရှိရကြောင်း၊ ထိုအတူစာပေဗိမာန် စာမူဆုတွင်လည်း ကလောင်နုများက အစကလောင်လတ်၊ ကလောင်ရင့်များအထိ ဆုရကြသည်ကို တွေ့ရကြောင်း၊ ယင်းကလောင်ရှင်များ၏ ဆုရစာမူများသည်လည်း စာပေ အဆင့်အတန်း မီကြသူများဖြစ်သည်ဟု ဆုရွေးချယ်ရေး အဖွဲ့က သုံးသပ်ထားကြောင်း၊ မိမိအနေဖြင့် ဆုရသူများအားလုံးကို ဝမ်းမြောက်ဝမ်းသာ ချီးကျူးဂုဏ်ပြုအပ်ကြောင်း။

စာပေဗိမာန်အနေဖြင့် ယနေ့အထိ စဉ်ဆက်မပြတ် အလေးထားပြီး စာပေဆုများ ချီးမြှင့်ပေးနေခြင်းသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့် စာရေးဆရာများ ပေါ်ထွန်းလာစေရန် အတွက် ဖြစ်ကြောင်း၊ ယခုကဲ့သို့ စာပေဆု များ ချီးမြှင့်ပေးအပ်ပြီး အသိအမှတ်ပြုခြင်း၊ ချီးကျူးဂုဏ်ပြုခြင်း တို့ကြောင့် စာရေးသူများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုတိုးလာပြီး ပိုမိုပြောင်မြောက်သည့် စာပေလက်ရာ ကောင်းများ ဖန်တီးလိုစိတ်များလည်း ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း၊ ထို သည်ပင် စာကောင်းပေ ကောင်းများ ပေါ်ထွက်ရန် ကြီးမားသည့် တွန်းအားတစ်ရပ်၊ အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်သည်ဟု မြင်ကြောင်း၊ ထို့ကြောင့် စာပေဗိမာန်အနေဖြင့် စာပေဆုများချီးမြှင့်ခြင်း လုပ်ငန်းကို မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့် တာဝန်တစ်ရပ်အဖြစ် အလေးအနက်ထားပြီး ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း။

ယခု အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရသည့် စာပေပညာရှင်များ၊ စာရေးသူများအနေဖြင့် ဓားသွားထက်ပိုထက်သည့် ကလောင်သွား ပိုင်ရှင်များပီပီ စိတ်စေတနာ အရင်းခံထားပြီး မိမိပတ်ဝန်းကျင်ဘဝ၊ မိမိရေမြေဘဝ၊ မိမိလူမျိုးဘဝ၊ မိမိတိုင်းပြည်ဘဝအတွက် အကျိုးပြု စာပေလက်ရာများ ပိုမိုတိုးတက်ရေးသား နိုင်ကြပါစေ၊ ထိုမှတစ်ဆင့် မိမိနိုင်ငံအတွင်းမှာ သာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် စာပေလက်ရာကောင်းများ ဖန်တီးနိုင်သည့်သူများ ဖြစ်ကြပါစေ၊ ယနေ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ပေါ်ပေါက်လာအောင် ရည်မှန်းတည်ဆောက်ရေးတွင်လည်း စာပေနယ်ပယ်မှ ပံ့ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဦးသာနိုး(မောင်သာနိုး)၊ ဆရာကြီး ဦးသိန်းသန်းထွန်း(သိန်းသန်းထွန်း)နှင့် ဆရာကြီး ဦးကျော်ဝင်း (ညိုဝင်း) တို့အား ဆုများပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဖေမြင့်နှင့် နိုင်သက်လွင်တို့က အမျိုးသားစာပေဆု ရရှိကြသူများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ရခိုင်တိုင်းရင်း သား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှတို့က စာပေဗိမာန်စာမူဆု ရရှိကြသူများ အားလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် စာပေဆုရရှိသူများ ကိုယ်စား ၂ဝ၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရ ဆရာကြီး ဦးသာနိုး (မောင်သာနိုး)က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် ၂ဝ၁၆ ခုနှစ်အတွက် အမျိုး သားစာပေ တစ်သက်တာဆုရှင်များ၊ အမျိုးသား စာပေဆုရှင်များ၊ စာပေဗိမာန်စာမူဆုရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဆုချီးမြှင့်ပွဲ အခမ်းအ နားမစတင်မီ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဆုရစာပေပညာရှင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆုရစာအုပ်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစု ခဲ့သည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် ''အမျိုးသား စာပေတစ်သက်တာဆု''ကို ၂ဝဝ၁ ခုနှစ်မှစ၍ နှစ်စဉ်ပေးအပ်ခဲ့သည်။ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အမျိုးသားစာပေ တစ်သက်တာဆုကို တစ်နှစ် လျှင် စာပေပညာရှင် တစ်ဦးကိုသာ ရွေးချယ်ချီးမြှင့်ခဲ့ရာမှ ၂ဝ၁၂ ခုနှစ်မှစ၍ မြန်မာစာပေဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ကာ သုံးဦးအထိ တိုးတက်ချီးမြှင့်ခဲ့သော်လည်း ၂ဝ၁၅ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုကို နှစ်ဦးချီးမြှင့်နိုင်ခဲ့သည်။ ယခု ၂ဝ၁၆ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုကို သုံးဦးချီးမြှင့်ခဲ့ကြောင်း သိရသည်။

Read 52 times Last modified on Monday, 20 November 2017 10:21