SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူများက တပ်ဌာနချုပ်များနှင့် နယ်မြေလုံခြုံရေး စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်

Saturday, 03 February 2018 18:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

ပြည်သူလူထု တစ်ရပ်လုံးက လိုလားတောင့်တ လျက်ရှိသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံတော် အစိုးရနှင့်အတူ တပ်မတော်က ငြိမ်းချမ်းရေး တည်ဆောက်လျက် ရှိသော်လည်း KIA အကြမ်းဖက် သောင်းကျန်းသူများသည် ငြိမ်းချမ်းရေးကို လစ်လျူရှုလျက် ဇန်န၀ါရီ ၃၁ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ် အတွင်းရှိ တပ်ဌာန ချုပ်များနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စခန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်န၀ါရီ ၃၁ ရက် ည ၁၁ နာရီခွဲခန့်တွင် မိုးကောင်းမြို့ရှိ တပ်ဌာနချုပ်အား KIA အကြမ်းဖက် သောင်းကျန်းသူများက တပ်ဌာနချုပ်၏ အနောက်ဘက်မီတာ ၂၃၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့်အဆောက် အဦများ ထိခိုက်ပျက်စီးမှု မရှိဘဲ တပ်ဌာနချုပ်၏ အနောက် ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ လယ်ကွင်း အတွင်း၌ ပေါက်ကွဲမှု မရှိသေးသည့် ၁၀၇ မမ ဒုံးသီးတစ်လုံးအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ အလားတူ ယနေ့နံနက် ၃ နာရီခွဲခန့် တွင်လည်း မိုးကောင်းမြို့ရှိ တပ်ရင်း ဌာနချုပ်အား KIA အကြမ်းဖက် သောင်းကျန်းသူအင်အား ၁၅ ဦးခန့်က တပ်ရင်း ဌာနချုပ်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀၀ အကွာမှ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့် အကွာနေရာ၌ ကျည်ကျ ရောက် ပေါက်ကွဲခဲ့သည်။

ထို့ပြင် ယနေ့နံနက် ၃ နာရီခွဲတွင်လည်း မိုးကောင်းမြို့နယ်၊ လွယ်လိယန် ကျေးရွာအုပ်စု၊ မရန်ကထောင် ကျေးရွာရှိ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းအား KIA အကြမ်းဖက် သောင်းကျန်းသူအင်အား ၆၀ ဦးခန့်က စခန်း၏ အရှေ့ဘက်မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နန်ကျင်ကျေးရွာရှိ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းအားလည်း KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်က စခန်း၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက် ဘက်တို့မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်များတွင် ရန်သူအချို့ သေဆုံးခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာများနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တို့၌ တပ်မတော် စစ်ကြောင်း များက နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့် လုပ်ဆောင် လျက်ရှိကြောင်း သတင်း ရရှိသည်။

 

Read 440 times Last modified on Friday, 08 June 2018 14:28