နေပြည်တော် ဒီဇင်ဘာ ၂
ကျောက်စိမ်းတန်ချိန် ၃ဝဝ ဖြင့်တည် ဆောက်လျက်ရှိသည့် မြန်မာ့ပထမဆုံး ကျောက်စိမ်း လိုဏ်ဂူတော်ကို ၂ဝ၁၈ ခုနှစ် မတ်လတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဝေရောစန ကျောက်စိမ်းဘုရား ဒါယကာ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်ထံမှသိရသည်။
အဆိုပါ ကျောက်စိမ်းလိုဏ်ဂူတော်ကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက် စိမ်းစေတီပရိဝုဏ်အတွင်း ကျောက်စိမ်း တန်ချိန် ၃ဝဝ ဖြင့် တည်ဆောက် ထားခြင်း ဖြစ်ပြီး အဝအကျယ် ၉ ပေ၊ အမြင့် ၁၃ ပေ၊အရှည် ၂၂၃ ပေရှိကာ လက်ရှိတွင် ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။
''ဒီကျောက်စိမ်းလိုဏ်ဂူက မြန်မာနိုင်ငံမှာသော် လည်းကောင်း၊ ကမ္ဘာမှာသော်လည်း ကောင်း ပထမဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပြီး ဂျပန်နည်းပညာနဲ့ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
ဖောင်ဒေးရှင်း၊ ဘေးအကာနဲ့ မျက်နှာကြက် အားလုံးကို ကျောက်စိမ်းနဲ့ တည်ဆောက်ထားတာပါ။ ကျွန်တော်က ကျောက်စိမ်းတန်၃ဝဝ၊ နည်းပညာ၊ ဘိလပ်မြေနဲ့ သံလှူပါတယ်။ ကျန်တာကိုတော့ ဘုရားဖူးပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ လိုဏ်ဂူတော်ကြီးကို နာမည်ပေးဖို့ကျန်နေပါသေးတယ်''ဟု ဝေရောစနကျောက်စိမ်းဘုရား ဒါယကာ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။
အဆိုပါ ကျောက်စိမ်းလိုဏ်ဂူတော်၏ အပေါ်ပိုင်းကို ဟိမဝန္တာတောင်တန်းသဏ္ဌာန်ပုံဖော်ထားပြီး အဝင်ဝတွင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် နဂါးနှစ်ကောင်နှင့် လှည်း ဘီးတို့ကို တည်ဆောက်ထားသည်။ လိုဏ်အတွင်းတွင် မြန်မာနိုင်ငံ၌ ကျောက်စိမ်းထွက်ရှိသည့် ကျောက်စိမ်းမှော်များနှင့် ကျောက်စိမ်းတူးဖော်ပုံများကို ပြသထားမည်ဖြစ်သည့်အပြင် ကျောက်စိမ်းသားနှင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များပါဝင် ကြောင်း၊ ထို့ပြင် ဒေသခံကျေးရွာများမှ ပြည်သူများ၏ ကျေးလက်လူနေမှုပုံစံ ပြောင်းလဲတိုး တက်လာပုံ အဆင့်ဆင့်ကို ဖော်ကျူးထားသည့် ကျောက်စိမ်းပန်းချီကားများကိုလည်း ထည့်သွင်းပြသ ထားမည်ဖြစ်ကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာကို ပျူခေတ်၊ ပုဂံခေတ်ကတည်းက အမြတ်တနိုး ဝတ်ဆင်ခဲ့ကြသည်ကို ပေါ်လွင်စေသည့် ရှေးလက်ရာပုံစံဖြင့် ထုဆစ်ထားသော ကျောက်စိမ်း ရုပ်တုများ၊ သဘာဝ ကျောက်စိမ်းသားနှင့် ပြုလုပ်ထားသည့် Lucky Fish များနှင့် လူသုံး၊ အိမ်သုံးအလှဆင် ကျောက်စိမ်းပန်းပုရုပ်တုများ၊ ကျောက်စိမ်းစေတီ၊ ဆင်းတုတော်များ၊ သစ်ပင်ပုံများ၊ လက်ဝတ်ရတနာပုံများ ပါဝင်ပြသထားသော ထူးဆန်းထွေလာ ကျောက်စိမ်းကမ္ဘာ ပြကွက်ကိုလည်း ဘုရားဖူးများ လေ့လာနိုင်ရန် ပြသထားမည်ဖြစ်ကြောင်း သိရသည်။