SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့နယ် ပါဆမ်ကျကျေးရွာ နယ်နိမိတ်အတွင်း မဟာဓာတ်အားလိုင်းခွဲရုံ တည်ဆောက်မည်

Thursday, 17 August 2017 08:12 font size decrease font size decrease font size increase font size increase font size

ကျိုင်းတုံ သြဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသို့ သွယ်တန်းမည့် မဟာဓာတ်အားလိုင်းခွဲရုံကို ကျိုင်းတုံမြို့နယ် ပါဆမ်ကျကျေးရွာ နယ်နိမိတ်အတွင်း တည်ဆောက်မည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဝန်းကျင် အကျိုးသက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်း အဆင့်ဆင့်ကို ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။

''နိုင်ငံတော်စီမံကိန်းအနေနဲ့ တည်ဆောက်သွားမယ့် မဟာဓာတ်အားလိုင်း သွယ်တန်းပြီး ဓာတ်အားခွဲရုံစီမံကိန်းအတွက် ကျိုင်းတုံမြို့နယ်မှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်နိုင်မှု အခြေအနေတွေကို တက်ရောက်လာသူတွေက ပါဝင်ဆွေးနွေးခဲ့ကြတာပါ''ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့် ကပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို သြဂုတ် ၁၅ ရက်က ကျိုင်းတုံမြို့ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး ကိစ္စများအတွက် NationalEngineering & Planning Services ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ကျိုင်းတုံမြို့မှာ တည်ဆောက်မယ့် မဟာဓာတ်အားလိုင်း ခွဲရုံစီမံကိန်းမှာ အခြေခံ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နဲ့ ဇီဝပတ်ဝန်းကျင် ဆိုင်ရာတွေကို ဒေသခံ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်ရာနယ်မြေ ပတ်ဝန်းကျင် အခြေအနေတွေကို အသေးစိတ်လေ့လာ ဆန်းစစ်တွက်ချက်ပြီး တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို  ဆက်လက်တင်ပြပေးရမှာ ဖြစ်ပါတယ်''ဟု ကုမ္ပဏီမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအေးမြင့်က ပြောသည်။

အဆိုပါ မဟာဓာတ်အားလိုင်း သွယ်တန်းမှုကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး လုပ်ငန်းစီမံကိန်းများ အားလုံး အကောင်အထည်ဖော် ပြီးစီးမည့် ကာလကို ၂ဝ၁၉ ခုနှစ် မတ်လတွင် လျာထားကြောင်း သိရသည်။

Read 408 times Last modified on Thursday, 17 August 2017 08:14