SJ WorldNews - шаблон joomla Авто

တတိယအကြိမ်မြောက် ရက္ခပူရ သာသနာ လင်္ကာရ စာမေးပွဲ ကျင်းပ

Saturday, 20 January 2018 10:51 font size decrease font size decrease font size increase font size increase font size

စစ်တွေ ဇန်နဝါရီ ၁၉ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရက္ခပူရ သာသနာလင်္ကာရ အသင်းမှ ကြီးမှူး ကျင်းပသည့် တတိယအကြိမ်မြောက် ရက္ခပူရ သာသနာ လင်္ကာရ စာမေးပွဲကို

ယနေ့မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ စစ်တွေမြို့ လောကာနန္ဒာ စေတီတော် သာသနာ့ ဗိမာန်၌ ကျင်းပသည်။

အဆိုပါ စာမေးပွဲသို့ မြန်မာနိုင်ငံ အနှံ့မှ သံဃာတော်၊ သာမဏေ၊ သီလရှင်များအပြင် ပြည်ပ နိုင်ငံများမှ သံဃာတော်များပါ ကြွရောက် ဖြေဆိုလျက်ရှိကြပြီး စာဖြေသံဃာများတွင် မူလတန်း ၅၁ ပါး၊ ဥပစာတန်း ၃၆ ပါး၊ ပထမအဆင့် ၂၁၄ ပါး၊ ဒုတိယအဆင့် ၁၂၃ ပါးနှင့် တတိယအဆင့် ၂၃ ပါး စုစုပေါင်း ၄၄၇ ပါး ဝင်ရောက် ဖြေဆိုကြသည်။

စာမေးပွဲကျင်းပရေး ဦးဆောင် ဆရာတော် ဦးဇောတိကက ''ရခိုင်ပြည်နယ်မှာ ရက္ခပူရ လင်္ကာရ စာမေးပွဲဆိုတာ မရှိသေးတဲ့အချိန် ပြည်မမှာ ဒီလို အသင်းမျိုး တစ်ဆယ်ကျော်ရှိ နေကြပြီ။ ရခိုင်ဒေသမှာ မရှိသေးတဲ့အတွက် ရခိုင်ပြည်နယ်က သာမဏေကျော်၊ ကိုယ်ရင် လေးတွေ၊ သာမဏေလေးတွေ အကျော်အမော် စာတတ်၊ ပေတတ်တွေဖြစ်အောင် သာသနာကြီး ရှည်ကြာ တည်တံ့စေဖို့ အဓိက ထားပြီးတော့ ကျင်းပခြင်း ဖြစ်တယ်။ ဒီစာမေးပွဲ ကို ကျင်းပတဲ့အတွက် ဆရာတော်တို့ ဝိနည်း၊ အင်္ဂုတ္တိုရ်၊ ဓမ္မပဒတွေကို လေ့လာရတဲ့ ပုဂ္ဂိုလ်တွေဟာ သာသနာမှာ ကြည်ညိုဖို့ ကောင်းအောင်နေတတ်၊ ထိုင်တတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်သွားမယ်။ ကိုယ်ရင်လေးတွေ သာမဏေကျော်၊ စာတတ်၊ ပေတတ်ဖြစ်လာမယ်။ ဒီစာမေးပွဲ ဟာ ပိဋကတ်သုံးပုံကို အခြေခံတဲ့ စာမေးပွဲဆို ရင်လည်း မမှားဘူး''ဟု မိန့်ကြားတော်မူသည်။

ရက္ခပူရသာသနာ လင်္ကာရအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦးက'' ဒီသာမဏေကျော် စာမေးပွဲဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့် ဆိုပြီးတော့ ကျင်းပလျက် ရှိပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာတော့ သာသနာရေးနဲ့ ဆိုင်တဲ့ ပညာရေးဟာ နိမ့်ကျနေတဲ့ အတွက် အခြေခံ ဖြစ်တဲ့ မူလတန်းအဆင့်၊ အဲဒီက တစ်ဆင့်မြှင့်ပြီးတော့ ဥပစာတန်းအဆင့် ပြီးမှ တခြားတိုင်း ဒေသကြီး၊ ပြည်နယ်တွေနဲ့ တန်းတူဖြစ်အောင် ကျင်းပတာပါ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ခရိုင်လေး ခရိုင်မှာလည်း အသင်းဖွဲ့စည်း ပြီးတော့ မူလတန်းအဆင့်နဲ့ ဥပစာတန်းကို ကျင်းပ စစ်ဆေးပါတယ်။ အခုဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သာမဏေတွေ သာမက သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့က သံဃာတော်တွေလည်း ဝင်ရောက် ဖြေဆို လျက်ရှိ ကြပါတယ်''ဟု ပြောသည်။

အဆိုပါ စာမေးပွဲကို ဇန်နဝါရီ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး စာအောင် ဆုနှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

Read 273 times Last modified on Saturday, 20 January 2018 10:52