SJ WorldNews - шаблон joomla Авто

မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ကိုယ်စား မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ပြောကြားသည့် မိန့်ခွန်း

Wednesday, 14 February 2018 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၁၃

မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ကိုယ်စား မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ NCA လက်မှတ်ရေးထိုး ထားကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား အသီးသီးမှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံတကာမှ အစိုးရသံ အရာရှိများ၊ NGOs, INGOs မှ မိတ်ဆွေ ကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ပါစေကြောင်း၊ မွန်ပြည်သစ် ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးကိုယ်စား ပဏာမ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာသူ များအားလုံးကိုလည်း ကိုယ်စိတ်နှစ်ပါးပြည့်စုံကောင်းမွန် စေကြောင်း ဆုတောင်းမေတ္တာ ပို့ပါတယ်။ ဤဖြစ်စဉ်ကို အချိန်ယူစေ့စပ် ညှိနှိုင်းဆွေးနွေးကာ အကောင်းဆုံးရလဒ် တစ်ခုဖြစ်အောင် ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး ကော်မရှင် (PC)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်(DPN) အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါ ကြောင်းနှင့် NCA လက်မှတ်ရေးထိုးတဲ့ အခါမှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုး ကြသည့် ပြည်တွင်း ပြည်ပ ခေါင်းဆောင်များကိုလည်း အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသား ဒေသဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံရေးအရ ဖြေရှင်းရေးဆိုပြီး ချဉ်းကပ်မှုသုံးမျိုးနဲ့ ရှုမြင် တတ်ကြပါတယ်။ တကယ်တော့ ဒီချဉ်းကပ်မှု သုံးမျိုးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာပါပဲ။  ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို မျက်နှာစာ နှစ်ရပ်ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလို့ပဲ ရှုမြင်ပါတယ်။ ပထမ မျက်နှာစာဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးဟာ အပစ်အခတ် ရပ်စဲရေးမှာ အခြေခံပြီး လုံခြုံရေးစနစ် တစ်ခုလုံးပြုပြင် ပြောင်းလဲရေး SSR အထိ အကျုံးဝင်သွားပါတယ်။ ဒီမျက်နှာစာ တစ်ခုတည်းနဲ့လည်း ငြိမ်းချမ်းရေးဟာ မပြည့်စုံပါဘူး။ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ချေမှုန်းတဲ့ လက်နက်တွေကို ထိန်းချုပ်ရုံ၊ ဖြုတ်သိမ်းရုံနဲ့ ပြဿနာတွေ ပဋိပက္ခတွေ မပြေလည်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် ရန်ပြုတိုက်ခိုက် ချေမှုန်းစရာ မလိုတော့တဲ့ အခြေအနေ ရောက်အောင် ဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေးဟာ တည်မြဲမှာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး အတွက် ဒုတိယ မျက်နှာစာ ဖြစ်တဲ့တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသာလျှင် နိုင်ငံရေးအရ ပြဿနာကို ဖြေရှင်းခြင်း၊ မျှတပြီး အရှည် တည်တံ့မယ့်  ဖွံ့ဖြိုးတိုးတက်ရေး တွေကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးတာဟာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေး အတွက် အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်သလို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာနိုင်မည့် လမ်းစဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

NCA ဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာကို အဖြေရှာမယ့် လမ်းကြောင်းတစ်ရပ်သာ ဖြစ်တယ်။ တက်လှမ်းရမယ့် လှေကားထစ်သဖွယ်သာ ဖြစ်တယ် ဆိုတာကို အလေးအနက် ထောက်ပြပြော ဆို လိုပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းမှန်မှ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးပန်းတိုင်ကို ရောက်မယ်ဆိုတာ ရှင်းလင်းလှပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်း ဟာ အကွေ့ အကောက်မရှိဘူး။ ဖြောင့်ဖြောင့်ဖြူးဖြူးပဲ ဆိုတဲ့ စိတ်ကူးယဉ်မျိုး ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ဟာ မူပေါ်မှာ ရပ်တည်သလို တိုင်းရင်းသား ပြည်သူတွေ အကျိုးအတွက်၊ ပြည်ထောင်စု အကျိုးအတွက်၊ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ဖို့လည်း မတွန့်ဆုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ထဲ အကျိုးစီးပွား အတွက်ကွက်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ အနာဂတ် မျှော်မှန်းချက်ကို ဦးတည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေရဲ့ အကျိုးစီးပွားနဲ့ ပြည်ထောင် စုကြီးရဲ့အကျိုးစီးပွားဟာ တစ်ဆက်တစ်စပ်တည်း တစ်သားတည်း ခွဲခြား မရအောင် ဆက်စပ်နေပါတယ်။ ပြည်ထောင်စုဝင်အားလုံး လူမျိုးဘာသာ ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ ပဋိပက္ခ ချုပ်ငြိမ်းခြင်းရဲ့ အကျိုး၊ တရားဥပဒေ စိုးမိုးမှုရဲ့ အကျိုး၊ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ရဲ့ အကျိုး၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်အရ မျှဝေကျင့်သုံးတဲ့ အချုပ်အခြာ အာဏာပိုင်စိုးခြင်းရဲ့ အကျိုး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုနဲ့ တိုင်းရင်းသားများ စာပေယဉ်ကျေးမှု ပေါင်းစုံ ရှင်သန်ခွင့်ရတဲ့ အကျိုးကျေးဇူး အထွေထွေကို ခံစားနိုင်ဖို့ အတွက်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဒီလမ်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ NCA စာချုပ်နဲ့အညီ မကြာခင်မှာ အမျိုးသား အဆင့်ဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ မွန်နဲ့ လားဟူဒေသမှာရှိတဲ့ ဆရာ တော် သံဃာတော်တွေရဲ့ သြဝါဒကိုခံယူမယ်။ ဒေသအတွင်းမှာ ဖြန့်ကြက်နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအသီးသီး၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေ၊ မီဒီယာတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျန်းမာရေး၊ ပညာရေးပိုင်း ဆိုင်ရာကစပြီး အုပ်ချုပ်ရေးနယ်ပယ် အသီးသီးမှ ဝန်ထမ်းတွေအပြင် နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မွန်နဲ့လားဟူ မျိုးချစ်တွေ အားလုံးနဲ့ တိုင်ပင်နှီးနှောပြီး အားလုံးရဲ့ သဘောထားကို ရယူမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်သူတွေ၊ သဘော မတူသူတွေလည်း ရှိနိုင်တာကို အသိအမှတ် ပြုပါတယ်။ အဲဒီကွဲလွဲသူ များရဲ့ အမြင် သဘောထားတွေ ကိုလည်း အလေးအနက် ထားပါတယ်။ ကျွန်တော်တို့နဲ့အမြင်၊   နည်းနာပိုင်းမှာ သဘောထား ကွဲပေမယ့် စေတနာနဲ့ မျှော်မှန်းချက်မှာတော့ မကွဲလွဲဘူး လို့လည်း ခံယူထားပါတယ်။ ကျွန်တော်တို့ဟာ ဒီနည်းနာလမ်းကြောင်းကို အားလုံးက လက်တွေ့ကျကျ ပါဝင်ပြီး အားလုံးပိုင်ဆိုင်တဲ့ (Ownership)၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊  သိက္ခာရှိတဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှာ ပါဝင်ကြပါလို့ မေတ္တာရပ်ခံ လိုပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်ပေမယ့် ပြည်ထောင်စုရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ် စနစ်ကို ခုချိန်ထိ တန်းတူ မခံစားကြရ သေးတဲ့အတွက် ပြည်တွင်းစစ်မီးဟာ မငြိမ်းနိုင်သေး ဖြစ်နေရတာပါ။ အခုချိန်ထိ NCA ဖြစ်စဉ်မှာ မပါဝင်နိုင်သေး၊ ပါဝင်ခွင့် မရသေးတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အသီးသီးနဲ့ ပဋိပက္ခတွေရဲ့ ဒဏ်ကို ခါးစည်းခံနေ ရသေးတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ရှိပါသေးတယ်။ ကျွန်တော်တို့ ကိုယ်လွတ်မရုန်းပါဘူး။ သစ္စာမမဲ့ဘူးဆိုတာ   အခိုင်အမာ ပြောပါမယ်။ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် ပေးဆပ်ခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေး သမားတွေ အားလုံးကို တိုင်တည် သစ္စာဆိုပါတယ်။ ဒါဟာ ကျင့်ဝတ်အရ သစ္စာပြု တာဝန်ခံမှု သာမက နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေ အားလုံး အကျိုးမခံစားဘဲ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိဘဲ၊ NCA လက်မှတ်ရေးထိုးရုံနဲ့ ပြီးပြည့်စုံမယ်လို့ မျှော်လင့်မထားဘူး ဆိုတာ ပြောကြားလိုပါတယ်။ အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို NCA လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသား ညီနောင်များနဲ့ရော၊ မထိုးထားသေးတဲ့ ညီနောင်များနဲ့ ပါလက်တွဲပြီး ဒီ NCA လမ်းကို လမ်းမှန်ဖြစ်ရုံမက ဖြောင့်ဖြူးတဲ့ လမ်းဖြစ်အောင် ဆောင်ရွက်သွားမယ်။ ဖက်ဒရယ် ပြည်ထောင်စု မျှော်မှန်းချက်ကို  မျက်ခြည်မပြတ်၊ လမ်းအလွဲ မခံဘူးဆိုတာ ကတိပြုပါတယ်။ တစ်ဆက်တည်း မှာလည်း နိုင်ငံတော် အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်များကို ပြောပြလိုတာက တိုင်းရင်းသားတွေဟာ သမိုင်းကြောင်း အတွေ့အကြုံအရ သံသယနဲ့ စိုးရိမ်စိတ်တွေ ရှိနေပေမယ့်၊ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပူးပေါင်းဆောင်ရွက် လိုစိတ် ရှိကြပါတယ်။ ဘယ်သူမှ နောက်ချန် မနေချင်သလို ဖျက်မျဉ်းလည်း မဖြစ်ချင်ကြပါဘူး။ ပြည်တွင်းစစ်ဒဏ်ကို တကယ်နာကျင် ခံစားခဲ့ကြသူတွေ၊ ခံစားနေရဆဲ ဖြစ်သူတွေမို့ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲတွေ၊ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ စိတ်ရှည်ရှည်ထားပြီး အားလုံးပါဝင်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ ဒီထက်ဆတိုး အားထုတ်ပေးပါ။ သဘောထားကြီးမှု ရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံး ရပ်စဲပါလို့ တိုက်တွန်းပါရစေ။ ပြည်ထောင်စုကြီး တစ်ခုလုံးမျှော်မှန်းတဲ့ ငြိမ်းချမ်းဝပြော လွတ်လပ်တဲ့ စိတ်ဓာတ်လင်းပွင့် မြင့်မြတ်တဲ့ မေတ္တာနဲ့ ခန္တီတရား ထွန်းကားတဲ့ အနာဂတ်ကို ဦးတည်ဖို့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီရော၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးကပါ ပိုင်းဖြတ်ထားကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Read 120 times Last modified on Wednesday, 14 February 2018 09:23