SJ WorldNews - шаблон joomla Авто

မုံရွာမြို့၌ ပထမအကြိမ် လူငယ် ၁၃ ဦးပါဝင်ပြသသော ဝါး ၊ သစ်သား စွန့်ပစ်ပစ္စည်းများ ပလတ်စတာ နည်းပညာတို့ဖြင့်ပြုလုပ်သည့် လက်မှုပညာ ပြပွဲပြသ

Wednesday, 14 February 2018 11:05 font size decrease font size decrease font size increase font size increase font size

မုံရွာ  ဖေဖော်ဝါရီ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့၌ လူငယ် ၁၃ ဦးပါဝင်ပြသသော ဝါး၊သစ်သား၊ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတာ နည်းပညာတို့ဖြင့်ပြုလုပ်ပြသသည့် လက်မှုပညာပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကွေ့ကြီးရပ်ကွက်ရှိ   ကန်သာယာအပန်းဖြေ ဥယျာဉ်အတွင်း ကျင်းပကြောင်း သိရသည်။

''အခုပွဲလေးစီစဉ်ဖြစ်ပုံက လက်မှုဝါသနာရှင်တွေ   ကိုယ့်နယ်မှာပဲ လုပ်နေကြတယ်၊ အားလုံး စုစည်းမိသွားတဲ့အချိန်မှာ စုပေါင်းပြီး လက်မှုပြပွဲလေးတစ်ခု  လုပ်ရအောင်ဆိုပြီး အားတင်းခဲ့တာ  နှစ်နှစ်ကျော် အချိန်ကြာခဲ့ပြီး  ဒီနေ့မှာ အခုလိုပြပွဲလေး လုပ်ဖြစ်သွားတာပါ။  အခုပွဲကိုလာပြတဲ့ လက်မှုပညာရှင် အားလုံးက  ကိုယ်အားသန်ရာ လိုင်းနဲ့လုပ်ကြတာပါ။  ပလတ်စတာနဲ့ လုပ်တာပါတယ်၊ သစ်သားနဲ့လုပ်တာပါတယ်။ စွန့်ပစ်ပစ္စည်းတွေနဲ့ လုပ်တာပါတယ်။ ဝါးတူတွေနဲ့လုပ်တာပါတယ်။    ကျွန်တော်တစ်ယောက်တည်းနဲ့ ပြတာဆိုရင် သုံးကြိမ်ရှိပါပြီ။ အခုလိုအနယ်နယ် အရပ်ရပ်က ဝါသနာရှင်တွေနဲ့ စုပေါင်းပြီးပြသတာကတော့ အခုအကြိမ်က ပထမဆုံးပါပဲ။ နောက်လည်း အခုလိုစုပေါင်း လုပ်တဲ့ပွဲတွေ အများကြီး လုပ်ချင်ပါသေးတယ်။ အကြံဉာဏ်အသစ်တွေလည်း   အများကြီးရပါတယ်။ဆက်ပြီးလည်း  အခုလိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်''ဟု  မုံရွာမြို့မှ ဝါးလက်မှုဝါသနာရှင် ကိုကွန်းကျော်ကပြောသည်။

မုံရွာမြို့၌    ပထမဆုံးအကြိမ် ကျင်းပသည့် လူငယ် ၁၃ ဦး ပါဝင်ပြသသည့် လက်မှုပညာပြပွဲကို ဖေဖော်ဝါရီ  ၁၃ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသရာ မုံရွာမြို့နေပြည်သူများက လာရောက်ကြည့်ရှု အားပေးကြောင်း သိရသည်။

''အခု ပွဲမှာပြသထားတဲ့ လက်မှုအရုပ်ကလေးတွေကို စိတ်ဝင်စားလို့ လာပြီးကြည့်ရှုဖြစ်တာပါ၊ အရုပ်အသေးလေးတွေကို ပိုပြီးစိတ်ဝင်စားပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အသေးစိတ် လုပ်ထား ရတာဆိုတော့ လက်ဝင်တယ်၊ အဲဒါကိုဖြစ်အောင် လုပ်ထားတဲ့အတွက်  ကြည့်ရတဲ့သူတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်၊  ပိုပြီးစိတ်ဝင်စားစေတဲ့ အတွက် ကြိုက်တာပါ၊ အခုလိုလက်မှုပြပွဲမှာ ပြသထားတဲ့ အရုပ်လေးတွေကို အရင်ကတစ်ခါမှ မတွေ့ဖူးဘူး၊ အခုမှပထမဆုံးအကြိမ် တွေ့ရတာပါ၊

နောက်လည်းအခုလိုပွဲတွေ လုပ်ပေးပါဦး။ ဆန်းသစ်တဲ့ လက်ရာလေးတွေကို ကြည့်ချင်ပါတယ်၊ မမြင်ဖူးတာတွေလည်း မြင်ရတဲ့အတွက် ကျေနပ်ပါတယ်၊ တခြားလူငယ်လေးတွေလည်း အခုလိုပွဲမျိုးကို လာကြည့်ကြပါ၊ သူတို့ရဲ့လက်မှုပညာနဲ့လုပ်ထားတာက  တကယ်ကို အသက်ဝင်တော့ ကြည့်ရတာလည်း ကိုယ့်အတွက် ရသတစ်မျိုး ရစေပါတယ်'' ဟု မုံရွာမြို့ ဒေသခံတစ်ဦး ကပြောသည်။

အဆိုပါလက်မှုပညာပြပွဲသို့   ရန်ကုန်၊ ရခိုင်၊  မန္တလေး၊ လားရှိုး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာမြို့တို့မှ လက်မှုဝါသနာရှင် ၁၃ ဦးတို့က ပလတ်စတာ၊ ဖိုက်ဘာ၊ သစ်သား၊ ဝါးနှင့်စွန့်ပစ်ပစ္စည်း အမျိုးမျိုးတို့ဖြင့် ပြုလုပ်ထားသည့် လက်မှုအလှဆင်ပစ္စည်း အမျိုးပေါင်းတစ်ရာကျော် ပါဝင်ပြသကြောင်း သိရသည်။      

Read 95 times Last modified on Wednesday, 14 February 2018 11:06