SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာနိဂြောဓာရာမ (ညောင်ပင်) ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ ဘဝနတ်ထံ ပျံလွန်တော်မူ

Wednesday, 14 February 2018 12:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     ဖေဖော်ဝါရီ     ၁၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာ နိဂြောဓာရာမ(ညောင်ပင်)ကျောင်းတိုက် ဦးစီးပဓာနနာယက ဓမ္မယုတ္တိနိကာယမဟာရင် ဂိုဏ်း၏ ဂဏာဓိပတိ နိုင်ငံတော်သြဝါဒါ စရိယ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသသည် သက်တော် (၁ဝဝ)နှစ် သိက္ခာတော် (၈ဝ)ဝါအရ ၁၃၇၉ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၂ ရက် ၁၂-၂-၂ဝ၁၈ ရက်(တနင်္လာနေ့) နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း နှင့် ၂၅-၂-၂ဝ၁၈ ရက် (တနင်္ဂနွေနေ့)တွင် အန္တိမအဂ္ဂိဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။

နိုင်ငံတော်သြဝါဒါစရိယ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာ

နိဂြောဓာရာမ(ညောင်ပင်)ကျောင်းတိုက် ဦးစီးပဓာနနာယက

ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း၏ ဂဏာဓိပတိ

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသ၏

ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း - ဆရာတော်လောင်းလျာသည် မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် ကွမ်ရိုက်ရွာ ခမည်းတော် နိုင်ပန်းရွှေ-မယ်တော် မိစိန်အိတို့မှ ၁၂၈ဝ ခုနှစ် ဝါဆိုလဆန်း ၂ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း- ဆရာတော်လောင်းလျာသည် ၁၂၉၉ ခုနှစ်တွင် ချောင်းဆုံမြို့နယ် ရွာလွတ်ရွာနေ နိဂြောဓာရာမ(ညောင်ပင်) ကျောင်းတိုက် မဟာရင်ဂိုဏ်း၏ ပဉ္စမမြောက်ဂဏာဓိပတိ ဘဒ္ဒန္တမဟိန္ဒကို ဥပဇ္ဈာယ်ပြုလျက် နိုင်ကြာခိုင်-မိနီတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း - ဆရာတော်သည် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာ ပဗ္ဗတ မင်္ဂလာရာမကျောင်း ဆရာတော် ဘဒ္ဒန္တနာဂသေနမဟာထေရ်၊ ရွာလွတ်ရွာ နိဂြောဓာရာမ (ညောင်ပင်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဟိန္ဒမဟာထေရ်နှင့် စာချဆရာတော် ဘဒ္ဒန္တဥတ္တမ၊ ဘဒ္ဒန္တဣန္ဒဝဇိရတို့၏ အထံတော်၌ ပရိယတ်အခြေခံ ကျမ်းစာများကို သင်ယူခဲ့ပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် မဟာရာမိကကျောင်း ဆရာတော်၊ မန္တလေးမြို့ အောင်မြေရွှေဘုံတိုက် ဆရာတော်နှင့် အမရပူရ(တောင်)မြို့ မင်္ဂလာတိုက်သစ်ကျောင်း ဆရာတော်များ အထံတော်၌ ပိဋကတ်ဆိုင်ရာ အထက်တန်းကျမ်းစာများကို သင်ယူလေ့လာခဲ့သည်။

သာသနာရေးဆောင်ရွက် တော်မူခြင်း  - ဆရာတော်သည်  ၁၃၄၁ ခုနှစ်မှ  ၁၃၅၆ ခုနှစ်အထိ ချောင်းဆုံမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(မဟာရင်) အဖြစ် လည်းကောင်း၊ ၁၃၅၇ ခုနှစ်မှ ၁၃၇၇ ခုနှစ်အထိ မွန်ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(မဟာရင်)အဖြစ် လည်းကောင်း၊ ၁၃၇၈ ခုနှစ်မှ ယနေ့အချိန်ထိ နိုင်ငံ တော်သြဝါဒါစရိယအဖြစ် လည်းကောင်း တာဝန်များကို ဆောင်ရွက်ခဲ့သည်။

ဘွဲ့တံဆိပ်အလှူခံ ရရှိတော်မူခြင်း - ဤသို့လျှင် အများပြည်သူ၊ ရဟန်း၊ ရှင်၊ လူတို့၏ ကြည်ညို လေးစားမှုကို ခံယူရရှိတော်မူခြင်း၊ ပရိယတ္တိဝိသာရဒ၊ ပဋိပတ္တိမာမက ဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း၊ သီလ၊ သမာဓိ၊  ပညာသိက္ခာ သုံးပါးနှင့်ပြည့်စုံခြင်း စသည့် ဂုဏ်အင်္ဂါတို့နှင့် ကုံလုံပြည့်ဝတော်မူသည့် ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသအား ၁၃၆၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ဆက်ကပ် လှူဒါန်းအပ်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ်ကို လည်းကောင်း၊ ၁၃၇၉ ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်မြတ်ကို လည်းကောင်း အလှူခံ ရရှိတော်မူသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း - ဆရာတော်ကြီးသည် သာသနာတော် အကျိုးသယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၁ဝဝ)နှစ် သိက္ခာတော် (၈ဝ)ဝါအရ ၁၃၇၉ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁၂ ရက် ၁၂-၂-၂ဝ၁၈ (တနင်္လာနေ့) နံနက် ၁၁ နာရီ ၅၅  မိနစ်တွင်  ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၂၅-၂-၂ဝ၁၈ နေ့တွင် အန္တိမအဂ္ဂိဈာပန အခမ်းအနား ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။                     

(သတင်းစဉ်)

Read 69 times Last modified on Wednesday, 14 February 2018 13:02