(ပြည်ထောင်စု လွှတ်တော် အစည်းအဝေး)
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုပြီးဖြစ်သည့် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် ၁၉၄၈ ခုနှစ် ဆိပ်ကမ်း အလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတို့ကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ ထားသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်သို့ တင်ပြရာတွင် ချင်းပြည်နယ် မတူပီခရိုင် မတူပီမြို့နယ် ရေဇွာမြို့တွင် ရပ်ကွက်သုံးရပ်ကွက် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်း ဖွဲ့စည်းထားရှိသော မိုပိုင်းလွတ်မြို့ကို ဟုမ္မလင်း မြို့နယ်အတွင်းသို့ မိုပိုင်းလွတ်အမည်ဖြင့် ထည့်သွင်းဖွဲ့စည်းခြင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရပ်ကွက်တစ်ရပ်ကွက်နှင့် ခင်ဦးမြို့နယ်တွင် ရပ်ကွက်တစ်ရပ်ကွက် တိုးချဲ့ဖွဲ့စည်းခြင်း၊ ရှမ်းပြည်နယ် လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ရပ်ကွက်လေးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာ ကိုးရွာ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကျေးရွာ ၃၄ ရွာ တိုးချဲ့ဖွဲ့စည်းခြင်း၊ ကျေးရွာ ၁၁၇ ရွာပယ်ဖျက်ခြင်းနှင့် ကွန်ဟိန်းမြို့နယ်တွင် ကျေးရွာတစ်ရွာ တိုးချဲ့ ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ငွေကျပ် ၁၃၅၉၅ ဒသမ ၁၆၆ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြကြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။
ထိုသို့ ရှင်းလင်း တင်ပြရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး လုံခြုံရေးအတွက် အရေးတကြီး လိုအပ်နေသော လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ လေးဖွဲ့အသစ် ဖွဲ့စည်းရာတွင် လိုအပ်သည့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် အရေးပေါ်ရန်ပုံငွေမှ တောင်းခံသုံးစွဲမည့် အခြေအနေ ကို လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ၂၃ဝ ကေဗွီ မော်လမြိုင်-မြဝတီ ဓာတ်အားလိုင်း တည်ဆောက်ရန်အတွက် နိုင်ငံတော်သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ သုံးစွဲမည့် အခြေအနေကို လည်းကောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက တာချီလိတ်မြို့နယ် မဲဟောက်ချောင်း မြန်မာဘက်ကမ်း ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများအတွက် အရေးပေါ် ရန်ပုံငွေမှ သုံးစွဲမည့် အခြေအနေကို လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ချေးငွေရယူရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဆင့်(၂)အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီထံမှ ODA Lone ချေးငွေ ဂျပန်ယန်း ၁၄ ဒသမ ၉၄၉ ဘီလီယံ ချေးယူသွားမည်ဖြစ်ကြောင်း၊ ချေးငွေသက်တမ်းမှာ နှစ် ၄ဝ ဖြစ်ပြီး အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အတိုးကျသင့်ငွေကို တစ်နှစ်လျှင် နှစ်ကြိမ် ပေးရမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့ကာလ ကုန်ဆုံးပြီးချိန်တွင် တစ်နှစ်ကို နှစ်ကြိမ်နှုန်းဖြင့် အရင်းပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ထို့နောက် ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာထားသည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ် စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂ဝ၁၈ ခုနှစ် ပြည် ထောင်စု၏ အခွန် အကောက် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်းနှင့် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။