SJ WorldNews - шаблон joomla Авто

မြန်မာ-ဂျပန် ချစ်ကြည်ရေး နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

Wednesday, 16 May 2018 10:27 font size decrease font size decrease font size increase font size increase font size

ပဲခူး   မေ   ၁၅

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကတုတ်ဘုရားကြီး အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီက မြန်မာ-ဂျပန် ချစ်ကြည်ရေး အစီအစဉ်အရ ဆောက်လုပ်လှူဒါန်းသော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြန်မာ-ဂျပန်  ချစ်ကြည်ရေး နှစ်ထပ်ကျောင်းဆောင်သစ်ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တိုင်းဒေသကြီး   ပညာရေး ညွှန်ကြားရေးမှူး ဦးကျော်ဆင့်နှင့် ဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. Ayano Suzuki  တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားပြီး အလှူရှင် ဂျပန်သံရုံးမှ တတိယ အတွင်းဝန်  Ms. Ayano Suzuki က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးကျော်ဆင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် အလှူရှင်က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ဝန်ကြီးများနှင့်  ဌာနဆိုင်ရာ အကြီးအကဲများအား ဖွင့်ပွဲ အထိမ်း အမှတ်အလံများ ပေးအပ်ကြသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင်သည် အလျား ၁၇၄ ပေ၊ အနံ ပေ ၃ဝ အာစီ နှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး ဂျပန်နိုင်ငံမှ လှူဒါန်းကာ ကေခိုင်ဦးဆောက်လုပ်ရေး ကုမ္ပဏီက  တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်သည်။             

ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး၊ ဂျပန်သံရုံးမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရသည်။

Read 38 times Last modified on Wednesday, 16 May 2018 10:28