SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း အနည်းငယ် ကျဆင်းသော်လည်း ပြည်တွင်းငွေလဲနှုန်း မြင့်တက်နေသည့် အတွက် ပြည်တွင်း စက်သုံးဆီ ဈေးကျရန် အခက်အခဲရှိနေ

Thursday, 14 June 2018 09:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁၃

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အနည်းငယ် ကျဆင်းလာသော်လည်း ပြည်တွင်းရှိ ငွေလဲနှုန်း ဈေးမြင့်နေခြင်းကြောင့် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် ဈေးနှုန်းလျှော့၍ ရောင်းချပေးရန် အခက်အခဲ အနည်းငယ် ရှိနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။ ''ကမ္ဘာ့ဆီဈေး ပြန်ကျလာတဲ့ အချိန်မှာ သုံးစွဲသူတွေ အနေနဲ့ ဈေးကျသင့်သလောက် မကျလို့ အားမလို အားမရ ဖြစ်နေတယ်။ ဈေးကတင်ချင်တိုင်းတင်၊ ချချင်တိုင်း ချလို့မရပါဘူး။ တစ်နေ့တာရဲ့ နိုင်ငံခြား ငွေလဲနှုန်းနဲ့ ကြည့်ရပါတယ်။ အခု စက်သုံးဆီဈေးနှုန်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းမှာ ရှိနေပါတယ်။ တစ်ခါတစ်ရံ ဈေးတက်ပေမယ့် ကျဈေးနဲ့ ရောင်းရတာတွေ ရှိပါတယ်။ ဈေးကျချိန်မှာလည်း မကျနိုင်တာတွေ ရှိပါတယ်။ လက်ကျန်ရှိသလောက်နဲ့ ထိန်းပြီး ရောင်းနေရပါတယ်''ဟု ဦးဝင်းမြင့်က ပြောသည်။ အာဆီယံ နိုင်ငံများ၌ မြန်မာနိုင်ငံသည် စက်သုံးဆီ ဈေးနှုန်းအနိမ့်ဆုံး နံပါတ်သုံးနေရာတွင် ရှိနေသည်။ နောက်ပိုင်းတွင် အသင်း၏ ဝက်ဘ်ဆိုက်၌ စက်သုံးဆီ အရောင်းဆိုင်များနှင့် ဈေးနှုန်းများကို အချိန်နှင့် တစ်ပြေးညီ တင်မည်ဖြစ်ပြီး ဝယ်ယူသုံးစွဲသူများ အနေဖြင့်လည်း ဈေးနှုန်းသက်သာသည့် ဆိုင်များမှ ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ အတက်အကျ နည်းပါးစေရန် စက်သုံးဆီဈေးနှုန်း ကျချိန်တွင် သိုလှောင်ကန်များဖြင့် လှောင်ထားကာ ဈေးတက်ချိန်တွင် ထုတ်ရောင်းရန်မှာလည်း မည်သည့် နိုင်ငံတွင်မှ မကျင့်သုံးသေးသည့် စနစ်တစ်ခု ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ စက်သုံးဆီ သိုလှောင်ကန်ငှားသည့် ကုမ္ပဏီ ငါးခုရှိပြီး ယင်းကုမ္ပဏီများမှ စက်သုံးဆီ ဆိပ်ကမ်းကို ဝန်ဆောင်မှု ပေးနေခြင်းဖြစ်သည်။ ပြည်ပမှ စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီပေါင်း ၅ဝ ခန့် ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းရှိ စက်သုံးဆီများကို ဖြစ်သင့်သည့်ဈေးနှုန်း လုပ်ဆောင်ရမည် ဖြစ်ပြီး စက်သုံးဆီ သုံးစွဲမှုကိုလည်း ချွေတာနိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်သင့်သည်ကို စဉ်းစားရမည်ဖြစ်သည်။ စက်သုံးဆီဈေးနှုန်း အနေအထား တစ်ခုကို ပြောင်းလဲခြင်း အားဖြင့်လည်း စက်သုံးဆီ သုံးစွဲမှုကို ချွေတာနိုင်ပြီး စက်သုံးဆီ အစားထိုးရန် လျှပ်စစ်များ ထုတ်လုပ်၍ လျှပ်စစ်ကားများ၊ လျှပ်စစ်ရထားများ သုံးစွဲနိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထွက်ရှိသည့် ရေနံစိမ်းသည် လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းခန့်သာ ရှိသောကြောင့် လျှပ်စစ်ကားနှင့် လျှပ်စစ်ရထားများ သုံးစွဲနိုင်ရန် လိုအပ်ကြောင်း သိရသည်။

Read 59 times Last modified on Thursday, 14 June 2018 10:00