SJ WorldNews - шаблон joomla Авто

လေယာဉ်ဆီဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းတွင် အော်ပရေတာ အသစ်နှစ်ခုကို ထပ်မံလုပ်ကိုင်ခွင့် ပေးရန်စီစဉ်နေ

Thursday, 14 June 2018 10:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁၃

ပြည်တွင်းလေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းအတွက် အော်ပရေတာ အသစ်နှစ်ခုကို ထပ်မံလုပ်ကိုင်ခွင့် ပြုပေးနိုင်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ထံမှ သိရသည်။ အဆိုပါ အော်ပရေတာ နှစ်ခုကို လုပ်ကိုင်ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာ ဌာနအတွင်း မူအားဖြင့် သဘောတူညီမှု ရရှိထားပြီး လုပ်ကိုင်ခွင့် ပြုနိုင်ရေးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အား ဆက်လက် တင်ပြရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ရန်ကုန်အပါအဝင် နေပြည်တော်နှင့် မန္တေ လးကဲ့သို့သော အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ပြည်တွင်းလေဆိပ် အားလုံး၌ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကို National Energy Puma Aviation Services (NEPAS) ကုမ္ပဏီ တစ်ခုတည်းကသာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။ ''ဌာနရဲ့ မူအားဖြင့် သဘောတူညီ ထားတာပဲ ရှိပါသေးတယ်။ လုပ်ကိုင်ခွင့်ပြုဖို့ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ရှိသေးတယ်။ လုပ်ကိုင်ခွင့် ပြုပြီဆိုရင်လည်း မြေနေရာ လိုအပ်ချက် ရှိလာမယ်။ ဒီအတွက် ဌာနပိုင် လေဆိပ်မှာ ဆိုရင်တော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ မြေနေရာကို ငှားရမ်းပေးဖို့လည်း အစီအစဉ် ရှိပါတယ်''ဟု ဦးရဲထွဋ်အောင်က ပြောသည်။ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုရာတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ သဘောတူညီချက် အပါအဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်လည်း လိုအပ်မည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ပေးအပ်မှသာ လုပ်ကိုင်ခွင့် ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 34 times Last modified on Thursday, 14 June 2018 10:00