SJ WorldNews - шаблон joomla Авто

မြန်မာ-အိန္ဒိယ နယ်စပ်တံတားမှ ယာဉ်များ ဖြတ်သန်းသွားလာမှု ပိတ်ပင်ထားခြင်းကြောင့် ကုန်စည်တင်ပို့ ၊ တင်သွင်းမှု အခက်အခဲကြုံတွေ့

Thursday, 21 June 2018 10:05 font size decrease font size decrease font size increase font size increase font size

ရိခေါဒါရ် ဇွန် ၂ဝ

ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ မြန်မာအိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တံတားမှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ပြီးခဲ့သည့် မေ ၂၁ ရက်မှစ၍ အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်မှ ပိတ်ပင်ထားသောကြောင့် ကုန်စည်တင်ပို့၊ တင်သွင်းမှု အခက်အခဲ ကြုံတွေ့လျက်ရှိကြောင်း သိရသည်။ မြန်မာ-အိန္ဒိယတံတားမှ ယာဉ်များ ဖြတ်သန်းသွားလာမှု ပိတ်ပင်ထားခြင်းကြောင့် တွေ့ကြုံရသည့် အခြေအနေအပေါ် ရိခေါဒါရ်မြို့ UKP ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးဒေါ့သ်ခိုင်က ''နယ်စပ်တံတားကနေ မော်တော်ယာဉ်တွေ ဖြတ်သန်းဝင်ထွက် သွားလာမှုကို ပိတ်ပင်ထားတာ တစ်လရှိပါပြီ။ အခုထိ ဘာမှထူးခြားမှု မရှိသေးဘူး။ ကျွန်တော်တို့ ကုန်သည်လုပ်ငန်းရှင်တွေ အနေနဲ့ အခက်အခဲ အများကြီး ကြုံတွေ့ရပါတယ်။ အရင်ကဆို ဓာတ်မြေသြဇာတွေကို အိန္ဒိယ ဘက်ကနေ ကုန်ကားကြီးတွေနဲ့ နယ်စပ်တံတားဖြတ်ပြီး ကျွန်တော်တို့ ဂိုဒေါင်အရောက်ပို့ပေး တာမှ ဓာတ်မြေသြဇာ တစ်အိတ်ကို ၇ ရူပီးလောက် ပဲပေးရတယ်။ အခု တံတားပိတ်ထားတော့ နယ်စပ်တံတား အနားအထိပဲ ပို့တာတောင် ၁ဝ ရူပီးလောက်ပေးရတယ်။ ဒါတောင် ဂိုဒေါင်ထိ မဟုတ်သေးဘူး။ ဒီလိုပိတ်ထားတဲ့ အတွက်အရင်က ဓာတ်မြေသြဇာအိတ်ပေါင်း သောင်းဂဏန်းနဲ့ ချီပြီး တင်သွင်းနိုင်ပေမယ့် အခုကျတော့ အလုပ်သမားလုပ်အားနဲ့ ထမ်းပို့ရတာ ဆိုတော့ တစ်နေ့ကို အိတ် ၅ဝဝဝ လောက်ပဲ တင်သွင်းနိုင်တော့တယ်။ လိုသလောက် ပစ္စည်းမရနိုင်ဘူး။ အချိန်ကြန့်ကြာမှုနဲ့ ကုန်စည်စီးဆင်းမှု နှေးကွေးကြန့်ကြာတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်''ဟု ပြောသည်။ အဆိုပါ နယ်စပ်တံတားမှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ပိတ်ပင်ထားခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အဓိကပို့ကုန် တစ်ခုဖြစ်သည့် ကွမ်းသီးတင်ပို့မှုကို ခေတ္တ ရပ်နားထားကြောင်း၊ အဓိကမှာ အလုပ်သမား ငှားရမ်း၍ ထမ်းပို့ရသည့်အတွက် အလုပ်သမား ငှားရမ်းခ အဆမတန် ကုန်ကျခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်သန်းခ ကောက်ခံမှုကိုလည်း အိန္ဒိယနိုင်ငံ ၃ ရူပီးငွေဖြင့် ကောက်ခံနေခြင်းမှ မြန်မာကျပ်ငွေဖြင့် ယနေ့မှစ၍ ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရပြီး ထိုသို့ပြောင်းလဲ ကောက်ခံရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တနင်္လာနေ့ သတ်မှတ်ငွေ လဲလှယ်နှုန်းအတိုင်း အပတ်စဉ်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်သန်းခ ကောက်ခံမှု အနေဖြင့် လူတစ်ဦးလျှင် ၁ဝ ရူပီး၊ ဆိုင်ကယ်တစ်စီးလျှင် ၂၅ ရူပီး၊ မော်တော်ယာဉ် တစ်စီးလျှင် ၁ဝဝ ရူပီး ကောက်ခံကြောင်း သိရပြီး ပြီးခဲ့သည့် ဇွန် ၁၉ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ငွေ လဲလှယ်နှုန်းမှာ ၁ ရူပီးလျှင် ငွေကျပ် ၁၉ ဒသမ ၉၆ ဖြစ်ကြောင်း သိရသည်။

Read 79 times Last modified on Thursday, 21 June 2018 10:06