မကွေး ဇွန် ၂ဝ
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေကြီးရေလျှံရာတွင် မကွေးတိုင်း ဒေသကြီး၌ ရေဘေးအန္တရာယ် အများဆုံး ဖြစ်ပွားခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းထံမှ သိရသည်။ ရေကြီးရေလျှံမှု ဖြစ်စဉ်များသည် ဇွန် ၁ဝ ရက်မှ ၁၇ ရက်အထိ ဖြစ်ပွားခဲ့ရာ မကွေးတိုင်း ဒေသကြီး၌ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၇ဝဝဝ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ ဒုတိယအများဆုံး ရေဘေးအန္တရာယ် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၌ လူဦးရေ ၁၁ဝဝဝ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကာ တတိယ အဆိုးရွားဆုံး အနေဖြင့် မွန်ပြည်နယ်၌ ဖြစ်ပွားခဲ့ပြီး လူဦးရေ ခုနစ်ထောင်ကျော်နှင့် ဧရာဝတီ တိုင်းဒေသကြီး၌လည်း လူဦးရေ သုံးထောင်ကျော်ကို အရေးပေါ်ပြောင်းရွှေ့ ပေးခဲ့ရသည်။ ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးအန္တရာယ်များ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တစ်ရက်လျှင် ငွေကျပ်သိန်း ၁ဝဝ ခန့် အသုံးပြု၍ ပံ့ပိုးကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ရေဘေးသင့်မှုကြောင့် ပံ့ပိုးကူညီမှုမှာ ငွေကျပ် ၇၉၂ သိန်းကျော်ရှိနေပြီး ဆက်လက်ပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သော ဒေသများအနက် မကွေးတိုင်း ဒေသကြီးအတွင်း ဆုံးရှုံးမှု တန်ဖိုးများကိုသာ စိစစ်တွက်ချက် ထုတ်ပြန်နိုင်ပြီး ကျန်ဒေသများ၏ ဆုံးရှုံးမှု တန်ဖိုးများကို ဆက်လက် စိစစ်တွက်ချက်လျက် ရှိသည်။ မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်မှုကြောင့် မြို့နယ်ခြောက်မြို့နယ်ရှိ လမ်း၊ တံတားနှင့် အဆောက်အအုံများ ပျက်စီးခဲ့၍ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်းနှစ်သောင်းနှစ်ထောင်ကျော် ရှိကြောင်း သိရသည်။