SJ WorldNews - шаблон joomla Авто

ကသာမြို့နယ်၌ ပြောင်းဖူးဈေးကောင်း ရရှိသည့်အတွက် စိုက်ပျိုးသူများလာ

Sunday, 22 July 2018 11:39 font size decrease font size decrease font size increase font size increase font size

ကသာ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ ပြောင်းဖူးများ ရာသီမရွေး အရောင်းအဝယ်ကောင်းကာ ဈေးကောင်း ရရှိနေသည့်အတွက် စိုက်ပျိုးသူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကသာမြို့နယ်၌ ပန်းနှမ်း၊ ကုလားပဲ၊ မြေပဲ၊ ကြံများမှာ ဈေးကောင်းမရဘဲ စိုက်ပျိုးကုန်ကျစရိတ်များခြင်း ကြောင့် ဇွန်လဆန်းပိုင်းမှစတင်၍ ကျောက်ထုံးကြီး၊ သပြေပင်၊ နွယ်နီ၊ မင်းလယ်၊ မိုးတားကြီး၊ စကားကုန်း၊ သာယာကုန်း၊ ဒုံးအော့၊ ပုလွေရွှေ စသည့်ကျေးရွာတို့မှ တောင်သူများသည် ပြောင်းကို ပိုမိုစိုက်ပျိုးလာ ကြောင်း သိရသည်။

''ပြောင်းက ရာသီဥတုမရွေး စိုက်လို့ရတယ်။ မိုးမကုန်ခင်အထိလည်းစိုက်ကြတယ်။ နောက်ပေါ်တာနဲ့ အရင်ပေါ်တာပဲကွာတာပါ။ ရွာထဲမှာခုတောင်တစ်တင်းကို ငွေကျပ် ၉ဝဝဝ နဲ့ လိုက်ဝယ်နေတဲ့ သူရှိလို့ လက်လီရောင်းရတာရှိတယ်''ဟု ကသာမြို့နယ် သပြေပင်ရွာမှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ဇွန်လတွင် ဃဏ ပြောင်းများကို မျိုးစေ့တစ်ဧကလျှင် ၅ ကီလိုတစ်အိတ်ခန့် စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်ကွာ၊ တစ်မြောင်းနှင့် တစ်မြောင်း ၃၆ လက်မ အကွာ စိုက်ပျိုးကြသည်။ ''စတင် စိုက်တဲ့နေရာမှာ မြေကိုထယ်ရေးရအောင် ဂရုစိုက်ရတယ်။ မြေဆီကိုတစ်ခါတည်း ထည့်ကျွေးရတယ်။ ရက် ၂ဝ မှာ မြောင်း ကြားထဲ သုံးတန်းသွားထွန်လိုက်ရတယ်။ ရက်ပေါင်း ၄ဝ မှာ ပြောင်း ပင်ခြေရင်းမြေဖို့ ထယ်ကပ်ပေးရပြီး ရက်ပေါင်း ၅ဝ မှာ ဒုတိယအကြိမ်မြေဆီကျွေးရတယ်''ဟု ပုလွေရွှေကျေးရွာမှ ပြောင်းစိုက်တောင်သူ ဒေါ် တင်မာက ပြောသည်။

ကသာမြို့နယ်အတွင်း ၂ဝ၁၇ ခုနှစ်၌ ပြောင်းစေ့တစ်တင်းလျှင် ငွေကျပ် ၉ဝဝဝ၊ မန္တလေးမြို့အရောက် ငွေ ကျပ် ၁၁ဝဝဝ၊ ဗန်းမော်မြို့အရောက် ငွေကျပ် ၁၃ဝဝဝ ဖြင့် ရောင်းချရကြောင်း သိရသည်။ ဇွန်လတွင် စိုက်ပျိုးထားသည့် ပြောင်းများသည် အောက်တိုဘာလတွင် ရင့်လာသည့်အတွက် ပြောင်းဖူးကိုချိုးကာ နေလှန်းအစေ့ခြွေ၍ ဗန်းမော်မြို့၊ မန္တလေးမြို့တို့သို့ အများဆုံး တင်ပို့ရောင်းချ လျက်ရှိ သည်။

ထို့ပြင် ပြောင်းတစ်ဧကလျှင် တင်း ၅ဝ မှ ၁ဝဝ ကြားထွက်ရှိပြီး NK621၊ SP888၊ CP808၊ CP809၊ CP111 စသည့် ပြောင်းအမျိုးအစားများရှိရာ ကသာမြို့တွင် NK621 နှင့် CP808 မျိုးကိုသာ အများဆုံး စိုက်ပျိုး ကြသည်။

ပြောင်းတစ်ဧကစိုက်ပျိုးလျှင် မျိုးဖိုးငွေကျပ် ၃ဝဝဝဝ၊ မြေဆီနှစ်ခါကျွေး ငွေကျပ် ၅ဝဝဝဝ၊ အလုပ်သမားခ ငွေကျပ် ၁ဝဝဝဝ ခန့်၊ လယ်ထွန်စရိတ် ငွေကျပ် ၄ဝဝဝဝ ခန့်နှင့် ရိတ်သိမ်းခများ ကုန်ကျ ကြကြောင်း သိရသည်။

Read 73 times Last modified on Sunday, 22 July 2018 11:43