SJ WorldNews - шаблон joomla Авто

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ဇန်နဝါရီလမှ ဇွန်လကုန်အထိ ရာဇဝတ်မှု ၈၈၂ မှု လက်ခံရရှိပြီး ၈၅၂ မှုစစ်ဆေးပြီးပြတ်၊ တရားမမှု ၁၄၂၇ မှုလက်ခံရရှိပြီး ၁၃၂၃ မှု စစ်ဆေးပြီးပြတ်

Friday, 10 August 2018 12:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ (၁၅)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ်က တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး၊ အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး  ဖြစ်ပေါ်ရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များ အထိ အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန် တာဝန်များ အသီးသီး ပေးအပ်ထားပြီးဖြစ်၍ ဆင့်ကဲဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ထို့ကြောင့် တရားသူကြီးများသည် ဘက်လိုက်မှု ကင်းရှင်းစွာ အဂတိမလိုက်စားဘဲ မှန်ကန်မျှတစွာ တရားစီရင်ကြခြင်းဖြင့်  ပြည်သူတို့ လက်ခံယုံကြည် အားကိုးနိုင်သည့်  ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ်ကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

 တရားစီရင်ရေးမဟာဗျူဟာ စီမံကိန်း (၂ဝ၁၈-၂ဝ၂၂)၏  မဟာဗျူဟာ လုပ်ငန်းနယ်ပယ်-၅ တွင် နိုင်ငံတစ်ဝန်း တရားရုံးများ၌ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင်  နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရှိ သတ်မှတ်တရားရုံးများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မှုခင်းစီမံခန့်ခွဲမှု စနစ်သည် မြန်မာနိုင်ငံ တရားစီရင်ရေး အတွက် ပိုမိုကောင်းမွန်သော ဆောင်ရွက်ချက်များနှင့် အရည်အသွေးမြင့် တရားမျှတမှု ဖြစ်ပေါ်စေရေးအတွက် လိုအပ်သည့် စနစ်တစ်ခုဖြစ်သည့်အပြင်  မြန်မာနိုင်ငံ၏  စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်း အဆင့်ကို တိုင်းတာရာတွင်   မှုခင်းစီမံခန့်ခွဲမှုစနစ် ကျင့်သုံးခြင်းရှိ၊ မရှိ ညွှန်းကိန်းသည် အရေးကြီးသည့် အချက်တစ်ရပ်ဖြစ်၍   အကောင်အထည်ဖော်ရေး ဆက်လက်၍ ပိုမိုကြိုးပမ်း အားထုတ်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မှုခင်းများစစ်ဆေး စီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃ဝ ရက်အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း ၈၈၂ မှု လက်ခံရရှိပြီး ၈၅၂ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း ၁၄၂၇ မှု လက်ခံရရှိပြီး ၁၃၂၃ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ထို့ပြင် စာချွန်တော်လျှောက်ထားမှု ၁၄၇ မှု လက်ခံရရှိပြီး ယခင်နှစ်အမှုလက်ကျန် ၂၆ မှုအပါအဝင် ၁၇၃ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ်  တရားလွှတ်တော်များတွင်  ရာဇဝတ်အမှုပေါင်း ၃၅ဝ၁ မှု လက်ခံရရှိပြီး ယခင်နှစ်အမှုလက် ကျန် ၂ဝ မှုအပါအဝင် ၃၅၂၁ မှု စစ်ဆေးပြီး ပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း ၂၈၈၂ မှု လက်ခံရရှိပြီး ၂၅၂၁ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှု ပေါင်း ၁ဝ၈၇ဝ မှု လက်ခံရရှိပြီး ၉၄၂၈ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း ၆၈ဝ၅ မှု လက်ခံရရှိပြီး ၅၄ဝ၆ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း။

 မြို့နယ်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း ၁၅၅၈၂၈ မှုလက်ခံရရှိပြီး ၁၄၉၂၇၅ မှု  စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမအမှုပေါင်း ၁၅၄၆၁ မှုလက်ခံရရှိပြီး  ၁၂၂၅၇  မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊  ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့်မန္တလေး)တို့တွင် ကလေးသူငယ် ဥပဒေအရ  စွဲဆိုတင်ပို့သည့်အမှုပေါင်း ၁၆၄ မှုလက်ခံရရှိပြီး ယခင်နှစ်အမှုလက်ကျန် ၁ဝ မှုအပါအဝင် ၁၇၄ မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ စည်ပင်သာယာ တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး) တို့တွင်   စည်ပင်သာယာ ဥပဒေအရ စွဲဆို တင်ပို့သည့် အမှုပေါင်း ၉၉၅၆ မှု လက်ခံရရှိပြီး ၉၉၄၅ မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း။

မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ရန်ကုန်နှင့်မန္တလေး)တို့တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း ဖောက်ဖျက်၍  မော်တော်ယာဉ် ဥပဒေအရ  စွဲဆိုတင်ပို့သည့် အမှုပေါင်း ၅၈၅၉၄  မှုကို   စစ်ဆေးစီရင်ခဲ့ကြောင်း၊

ထို့ကြောင့် တရားရုံးများသည် အမှုအခင်းများကို ကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြရန်နှင့် အမှန်တရားကို အဆုံးအဖြတ်ပေးသည့်၊ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေး ဦးစီးမှူးများ တက်ရောက်ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                        

(သတင်းစဉ်)

Read 87 times Last modified on Friday, 10 August 2018 12:32