ကလေး ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ညောင်ကုန်းကျေးရွာနှင့် မင်းလှကျေးရွာအကြား တည်ရှိသော နတ်တံခါးချောင်းဖြတ်သံကူ ကွန်ကရစ်တံတားကြီးမှာ ယခင်နှစ်များက ရေကြီးရေလျှံမှုကြောင့် ချောင်းအတွင်း မျောပါပျက်စီးသွားခဲ့ရာ ယခုနှစ်တွင် အဆိုပါ ချောင်းဖြတ်ကူးရန်အတွက် သံပေါင်သံပြားခင်း ကြိုးတံတားကို ယမန်နေ့ကစတင်၍ ဆောက်လုပ်လျက်ရှိသည်။ ကြိုးတံတားဆောက်လုပ်မှု အခြေအနေကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတိုးကျော်သူ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ ချောင်းဖြတ်ကြိုးတံတားကြီးကို အလျားပေ ၂၆၀၊ အကျယ် ၅ ပေဖြင့် တည်ဆောက်လျက်ရှိပြီး သုံးရက်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ အနေဖြင့် ဩဂုတ် ၁၄ရက်မှစတင်၍ ယင်းကြိုးတံတားကို အသုံးပြုနိုင်တော့ မည်ဖြစ်သည်။ ယင်းတံတားကို အလှူရှင် ဆွစ်ဇာလန် နိုင်ငံသားက လှူဒါန်းခြင်းဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ စုပေါင်းအလှူခံ ရရှိသည့် ငွေကျပ်၁၅ သိန်းလည်းပါဝင်ကာ အလှူရှင် ဆွစ်ဇာလန် နိုင်ငံသားက ၎င်းတို့နည်းပညာ အသုံးပြု၍ နတ်တံခါးချောင်းဖြတ် သံပေါင်သံပြား ခင်းကြိုးတံတားကို တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။