SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်းပုံစံသစ်တွင် မေးခွန်းပုံစံဟောင်းကဲ့သို့ အလွတ်ကျက် မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများ ပေါင်းစပ် ပါဝင်မည် ဖြစ်သော်လည်း စဉ်းစားတွေးခေါ်ရသည့် မေးခွန်းများ ပိုမိုပါဝင်လာမည်

Wednesday, 15 August 2018 09:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ အခြေခံပညာရေး  ကဏ္ဍတွင် အမျိုးသားဆရာဦးရေ သိသာစွာ ကျဆင်းနေသည့်အတွက် အမျိုးသားဆရာ ဦးရေ တိုးချဲ့ခန့်ထားရန် သင့်လျော်သော အစီအစဉ်များ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးကောလိပ်များသို့ တက်ရောက် ခွင့်ပြုနိုင်ရေးအတွက် ရွေးချယ် ဆောင်ရွက်ရာတွင် ကျား/မ ခွဲခြားသတ်မှတ်၍ ရွေးချယ်ခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ကျောင်းသား အရေအတွက်အရ လည်းကောင်း၊ မူလတန်းပြဆရာ လိုအပ်ချက်အရ လည်းကောင်း၊ ပညာရေး ကောလိပ်များ၏ ဝင်ဆံ့အင်အားအရ လည်းကောင်း၊ ပညာရေး ကောလိပ်သို့ တက်ရောက်ရန် လျှောက်ထားသည့် ဘာသာတွဲ (သိပံ္ပ၊ ဝိပ္ပံ၊ ဝိဇ္ဇာ) အလိုက် လျှောက်ထားသူ ဦးရေအရ လည်းကောင်း ရွေးချယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဆရာအတတ်ပညာ သင်တန်းသားများ ရွေးချယ်ရာတွင် အမျိုးသားဦးရေ ပိုမိုကျောင်း ဝင်ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ခြင်း၊ အစီအစဉ် အမျိုးမျိုးဖြင့် ဘွဲ့ရသူများအား ကာလတိုဆရာဖြစ် သင်တန်းပေးပြီး ဆရာ၊ ဆရာမများ ခန့်ထားသည့် အခါတွင်လည်း ပန်းချီ၊ ဂီတ၊ အနုပညာ၊ အားကစား၊ ကွန်ပျူတာဘွဲ့ရများကို ခွဲဝေခန့်ထားခြင်း စသည့် အစီအစဉ်များ ဖြင့် ဆရာအင်အား များပြားလာအောင် ရေတို၊ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ မေးခွန်းများ ပုံစံပြောင်းလဲ မေးမြန်းရန် စီစဉ်ထားခြင်းနှင့် ဆက်စပ်၍ မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ချက်ချင်းပြောင်းလဲရန် စီစဉ်ထားသည်ကို သိရှိ လိုခြင်းနှင့် အလေ့အကျင့် ရရှိစေရန် ယခုနှစ်တွင် နဝမတန်းမှသာ စတင်ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းပုံစံသစ်တွင် အလွတ်ကျက်မှတ်မှုထက် ကိုယ်ပိုင်

စဉ်းစားတွေးခေါ်မှုအား ဦးစားပေးသော မေးခွန်းများ ပိုမိုပါဝင်လာမည် ဖြစ်ကြောင်း၊ မေးခွန်းလွှာတွင် ရွေးချယ်စရာ မေးခွန်း အရေအတွက်များနေပါက သင်ခန်းစာ အချို့ကို စာမေးပွဲတွင် မဖြေဆိုဘဲ ရှောင်လွှဲခွင့် ရနိုင်ခြင်းကြောင့် တတ်မြောက်မှု အားနည်းနိုင်သည့် အတွက် မေးခွန်းပုံစံသစ်တွင် ရွေးချယ်စရာ မေးခွန်းပုဒ်ရေကို လျှော့ချထားခြင်း ဖြစ်ကြောင်း၊ မေးခွန်းပုံစံတစ်ခုလုံး ပြောင်းလဲသွားခြင်း မဟုတ်ဘဲ မေးခွန်းပုံစံ အများစုကို ယခင် မေးရိုးမေးစဉ်အတိုင်း ဆက်လက် ထည့်သွင်း မေးမြန်းသွားမည် ဖြစ်ကြောင်း။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းပုံစံ ပြောင်းလဲ မေးမြန်းခြင်း၏ အရေးကြီးသော အချက်များ အနေဖြင့် မေးခွန်းပုံစံမှာ လုံးဝပြောင်းလဲမသွားခြင်း၊ မေးခွန်းပုံစံသစ်တွင် မေးခွန်းပုံစံ ဟောင်းကဲ့သို့ အလွတ် ကျက်မှတ်ရသည့် မေးခွန်းများနှင့် စဉ်းစားတွေးခေါ်ရသော မေးခွန်းများ ပေါင်းစပ်ပါဝင်မည် ဖြစ်သော်လည်း စဉ်းစားတွေးခေါ်ရသည့် မေးခွန်းများ ပိုမိုပါဝင် လာမည် ဖြစ်ကြောင်း၊ သင်ယူသူများကို သင်ရိုးကုန် လေ့လာစေရန် ရည်ရွယ်ပြီး သင်ခန်းစာများကို လွှမ်းခြုံသည့် မေးခွန်းများ ပါဝင်မည် ဖြစ်ခြင်း၊ မေးခွန်းပုံစံတွင် လွယ်၊ သင့်၊ ခက် မျှတစွာ ပါဝင်ပြီး သင်ရိုးအားလုံး လေ့လာထားသော ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်မည့် မေးခွန်းမျိုးဖြစ်ခြင်း၊ ထို့ပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းပုံစံ ပြောင်းလဲမေးမြန်းမည့် အခြေအနေနှင့် မေးခွန်းပုံစံ နမူနာများကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ လေ့လာ သိရှိနိုင်ရန်အတွက် နိုင်ငံပိုင် သတင်းစာများ၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာန  Internet Website များတွင် ကြိုတင်ဖော်ပြ ပေးထားခြင်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

ကွမ်းလုံ မဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်၏ ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးကြိုးတံတားကြီးနှင့် စပ်လျဉ်း၍ မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကွမ်းလုံတံတားအသစ် တည်ဆောက်နိုင်ရေးအတွက် အချိန်ကာလ နှစ်နှစ်ကျော် ကြာမြင့်မည်ဖြစ်သဖြင့် လက်ရှိကွမ်းလုံကြိုးတံတားအား သတ်မှတ် ခံနိုင်ဝန်များ သတ်မှတ်ပြီး မော်တော်ယာဉ်များအား သတ်မှတ်တန်ချိန်အတိုင်း ဖြတ်သန်း သွားလာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ တံတားအသစ်ကိုလည်း မကြာမီ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တံတားအသစ် တည်ဆောက် ပြီးစီးသွားပါက မော်တော်ယာဉ်များ ၇၅ တန်အထိ ဖြတ်သန်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

ရသေ့တောင်မဲ ဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ ရခိုင်ပြည်နယ်၏ စီးပွားရေး အချက်အချာ ကျသော အဓိက ဝင်ပေါက်ဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေလမ်းမကြီးအား ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း အဖြစ်သို့ အထူးစီမံကိန်း တစ်ရပ် အသွင်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရခိုင်ပြည်နယ်အပိုင်းတွင် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၁၆ မိုင် ၆ ဖာလုံ ကျန်ရှိနေမည် ဖြစ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ၁၈ ပေ အကျယ် ကွန်ကရစ်လမ်း ၂ မိုင် ၅ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂ မိုင်တို့ကို တိုးချဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်သဖြင့် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၁၂ မိုင်၁ ဖာလုံသာ ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ကျန်လမ်းပိုင်းများကို ၁၈ ပေအကျယ် ကတ္တရာ လမ်းအဖြစ် အမြန်ဆုံး အဆင့်မြှင့်တင် နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန်အတွက် အဆင့်မြင့်ပညာ ကဏ္ဍတွင် သုတေသန ရပ်ဝန်းကောင်းများ ဖော်ဆောင်ပေးပါရန်နှင့် သုတေသန ဆောင်ရွက်သူ ပညာရှင်များအား သုတေသနရန်ပုံငွေ လုံလောက်စွာ ထောက်ပံ့ ချီးမြှင့်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ လက်ခံ ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ စာပေနှင့် အနုပညာမူ ပိုင်ခွင့်ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံ စာတင်သွင်းခြင်း၊ ပြင်ဆင်ချက် အဆိုတင်သွင်းခြင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

အိအိပိုင်

Read 167 times Last modified on Wednesday, 15 August 2018 09:52