SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဥပဒေ အရာရှိ အဆင့်- ၄ (အစမ်းခန့်)များ လုပ်ငန်းဝင် သင်တန်းဖွင့်ပွဲ ကျင်းပ

Wednesday, 15 August 2018 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၄

ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းဝင် သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန်ရေး ကို အလေးထားလျက် ရှိကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လုပ်ငန်းများ ထိရောက် အောင်မြင်စေရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင် လျက်ရှိကြောင်း၊ ယခုဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မျိုးဆက်သစ် အရာရှိများ ဖြစ်သဖြင့် သင်တန်းတွင် ပို့ချသည့် ပြည်တွင်းပြည်ပ ဥပဒေများ၊ တရားစွဲနှင့် အမှုလိုက်ဘာသာရပ်၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာများ၊ Legal English တို့အပြင် လက်တွေ့တရားခွင်များ၌ ကျွမ်းကျင် တတ်မြောက်ရန် သင်ကြားလေ့လာကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေအရာရှိ ကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေး စံနှုန်းများကိုလည်း မှန်ကန်ထိရောက်စွာ လိုက်နာကျင့် သုံးနိုင်ရေးအတွက် လေ့လာ ဆည်းပူးကြရန် လိုကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပညာရည်ပြည့်ဝသော ဥပဒေအရာရှိ ကောင်းများ ဖြစ်ရေးအတွက် ယခုကပင် ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်း သား၊ သင်တန်းသူ ၁၅ဝ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

Read 168 times Last modified on Wednesday, 15 August 2018 09:55